Home ဗဟုသုတ T.T.C တီတီစီ ကျောင်း ရဲ့ထူးခြားချက် ၁၂ ချက်

T.T.C တီတီစီ ကျောင်း ရဲ့ထူးခြားချက် ၁၂ ချက်

10473
0

TTC ကျောင်းသား တိုင်းသိထားသင့်ပါတယ်#

TTC လို့ အများသိကြတဲ့
ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း
(Institute of Education Practising School-I.E.P.S)
ယခုအမည် – ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း – Practising High School, Yangon University of Education
ရဲ့
ထူးခြားတဲ့အချက်တွေကိုသိပါရဲ့လား။

(၁) ကျန်းမာရွှင်လန်းပါစေ။

လူတစ်ယောက်ကိုသွားပြီး ကျန်းမာရွှင်လန်းပါစေလို့နှုတ်ဆက်လိုက်ပါ။
သူ့မျက်နှာမှာ လှိုက်လှိုက်လှဲလှဲပြုံးပြီး ပြန်နှုတ်ဆက်ရင် သူဟာတီတီစီကျောင်းသားဟောင်းဆိုတာ ပြောလို့ရပါပြီ။ တီတီစီကျောင်းသားတစ်ယောက်
ဟုတ်မဟုတ်ဆိုတာကိုပြောဖို့အတွက်
ကျန်းမာရွှင်လန်းပါစေဆိုတဲ့ နှုတ်ဆက်
သံကို နားထောင်ပြီးခန့်မှန်းလို့ရတယ်။
တနိုင်ငံလုံးကအခြေခံကျောင်းတွေနဲ့
မတူ တမူထူးခြားစွာ နှုတ်ဆက်တဲ့
စကားသံပေါ့။ တီတီစီလေ့ကျင့်ရေးကျောင်းသား
တိုင်း ဒီလိုနှုတ်ဆက်တဲ့အကျင့်လေးဟာ
ကျောင်းဆိုတာဘာမှန်းသိကတည်းက
သင်ခဲ့ရတာဖြစ်လို့ ကျန်းမာရွှင်လန်းပါစေ ဆိုပြီးပဲတသက်လုံး ကြည်ကြည်နူးနူး
နှုတ်ဆက်ကြပါတယ်။
နှုတ်ခမ်းပေါ်ညာဘက်လက်ညှိုးကိုတင်
ညာလက်မောင်းကိုဘယ်လက်နဲ့ပိုက်ပြီး
ကျန်းမာရွှင်လန်းပါစေဆရာ/ဆရာမ ရယ်လို့နှုတ်ဆက်ခဲ့ကြတာ
နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။

(၂) အမှတ်မရှိတဲ့ကျောင်း

တခြားအခြေခံပညာကျောင်းတွေနဲ့
မတူတာက တီတီစီဟာ အဆင့်မြင့်ပညာဦးစီးဌာနရဲ့
တစ်ခုတည်းသော အထက်တန်းကျောင်းဖြစ်လို့၊
အမှတ်ဘယ်လောက် အခြေခံပညာ
အထက်တန်းကျောင်း ကမာရွတ်မြို့နယ်ဆိုတာမျိုးမခေါ်ဘဲ
ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး
အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်
လို့ပဲတရားဝင်ခေါ်ဆိုတဲ့အတွက် တီတီစီ
ကျောင်းကို အမှတိမရှိတဲ့ကျောင်းလို့
ပြောကြတာဖြစ်ပါတယ်။
အတိုကောက်ခေါ်ရင်လည်း
အထက(?)ကမာရွတ် လို့မသုံးဘဲ
အထက(လေ့ကျင့်ရေး) ကမာရွတ် လို့သုံးတာကိုတွေ့ရဖူးတယ်။

(၃) ဥပုသ်နေ့မပိတ်တဲ့ကျောင်း

ကျူရှင်ဝိုင်းတစ်ခုမှာ တီတီစီကကျောင်း
သားတစ်ယောက်ပါလာပြီ ဆိုပါစို့။
သူဟာစနေတနင်္ဂနွေအချိန်တွေအတွက်
အမြဲအသင့်ဖြစ်နေတတ်ပြီး၊ တခြား
ကျောင်းကကျောင်းသားတွေနဲ့ အမြဲ
အချိန်ညှိနေရတတ်ပါတယ်။
တီတီစီဟာ စနေတနင်္ဂနွေပဲပိတ်တာကိးု။
အကြောင်းကတော့ တက္ကသိုလ်တွဲဖက်ကျောင်းဖြစ်လို့ပါ။
တက္ကသိုလ်တွေဟာ စနေတနင်္ဂနွေသာပိတ်ပြီး
ဥပုသ်နေ့မပိတ်လို့ဖြစ်ပါတယ်။

(၄) အစောကြီးထစရာမလို အိမ်ပြန်
လည်းနောက်မကျတဲ့ကျောင်း

တီတီစီရဲ့ကျောင်းချိန်ဟာ မနက် ၈:၃၀
မှ ညနေ ၃နာရီထိဖြစ်တာကြောင့်
သူများတွေလို မနက်ကျောင်း ညနေကျောင်း မဟုတ်ပါဘူး။

(၅) လှုပ်ရှားမှုတွေမှာပါစရာမလိုတဲ့ကျောင်း

ဘယ်ဝန်ကြီးလာလို့၊ ဘာအထိမ်းအမှတ်
ရှိလို့ ပွဲတပွဲပွဲ လုပ်ရင် တီတီစီကျောင်း
သားတွေဟာ နေပူထဲမှာ အကြာကြီး
ဒုက္ခခံရပ်နေစရာမလိုပါဘူး။ အဆင့်မြင့်
ပညာဦးစီးဌာနက အခြေခံကျောင်းဖြစ်လို့ ဒါမျိုးမလိုအပ်တာလေးတွေအတွက်
ကျောင်းသားတွေဟာ ဒုက္ခခံစရာမလိုပါ
ဘူး။

(၆) တံဆိပ်ဖြုတ်လို့တပ်လို့ရတဲ့ကျောင်း

ဆီမီးခွက်လေးနဲ့ လေ့ကျင့်ရေးကျောင်း
ဆိုတဲ့တံဆိပ်လေးဟာ တခြားကျောင်း
တွေကတံဆိပ်တွေနဲ့မတူ ကွဲထွက်နေ
တာပဲ။ အကျီမှာလည်း ဖြုတ်လို့တပ်လို့
လွယ်တာပေါ့။ ဒါပေမယ့်သတိတော့
ထားရတယ်။ တံဆိပ်တပ်မလာရင်
ကျောင်းပေါက်ဝကဆရာမက ဒဏ်ငွေ
နည်းနည်းလေးရိုက်တတ်တယ်လေ။

(၇) ပညာရေးတက္ကသိုလ်နောက်ဆုံး
နှစ်ကျောင်းသားတွေကို လက်တွေ့
စာမေးပွဲ စစ်တဲ့ကျောင်း

တခြားအနယ်နယ်အရပ်ရပ်မှာ တာဝန်
ထမ်းဆောင်ဖို့နောက်ဆုံးနှစ် ပညာရေး
တက္ကသိုလ်ကျောင်းသားတွေရဲ့ စာမေးပွဲ
ကို တီတီစီက ကျောင်းသားလေးတွေ ကိုစာသင်ခိုင်းပြီး လက်တွေ့စစ်တာပေါ့။ နာမည်ကိုက
ကြည့်လေ။ လေ့ကျင့်ရေးကျောင်းပါဆို။
တီတီစီမှာစစ်တဲ့စာမေးပွဲပြီးတော့မှ
သူတို့တွေ တခြားကျောင်းတွေမှာ
ဆရာဆရာမ အဖြစ်တာဝန်ထမ်းဆောင်
ရတာပါ။

(၈) ပင်နီတိုက်ပုံဝတ်တဲ့ကျောင်း

တီတီစီကျောင်းသားတွေရဲ့ အစဉ်အလာတိုက်ပုံ
အရောင်ဟာ ပင်နီရောင်ပါ။ ကျောင်း
အုပ်ဆရာမကြီး စကားပြောဖို့ရှိတဲ့နေ့(assembly နေ့)ဆို
တိုက်ပုံလေးတွေဝတ်လာရပါတယ်။
အခုခေတ်မှာတော့ဒီအစဉ်အလာမရှိတော့ပါဘူး

(၉) ကျောင်းဆောင်သုံးခုကွဲနေတဲ့
ကျောင်း

တီတီစီကျောင်းဟာ ကျောင်းဆောင်ကြီး၃ခုကို မြို့နယ်နှစ်ခုမှာ ခွဲတက်ရပါ
တယ်။ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်နှင့်တွဲလျက်
ယခင်ပင်မကျောင်းဆောင်ဟောင်းကြီးရယ်
၁၉၉၀-၂၀၀၀ခုနှစ်ဝန်းကျင်မှာဆောက်လုပ်ခဲ့တဲ့
TTCစာတန်းတပ်ထားတဲ့ သုံးထပ်ကျောင်းဆောင်ကြီးရယ်
၂၀၀၀ခုနှစ်ဝန်းကျင်က ငှားရမ်းခဲ့တဲ့ လှိုင်မြို့နယ် ခြောက်မိုင်ခွဲက
ယခင် Rigional Collage-2(RC-2)အဆောင်တွေရယ်မှာပေါ့။
အရင်က ပညာရေးတက္ကသိုလ်နဲ့ကပ်လျက်အဆောင်တွေ
မှာ သူငယ်တန်းကနေ ဆယ်တန်းထိတက်ခဲ့ရတာပါ။
နောက်ပိုင်းကျောင်းသား/ကျောင်းသူဦးရေများပြားလာလို့
ကျောင်းဆောင်သစ်တွေတိုးချဲ့ခဲ့တာပါ။

(၁၀) တန်းခွဲကို အတန်းတင်အဆင့်နဲ့
မခွဲတဲ့ကျောင်း

သူများကျောင်းတွေမှာလို တီတီစီကျောင်း ကအတော်ဆုံးကျောင်းသားတွေဟာ
တန်းခွဲ A မှာချည်းပဲစုမနေပါဘူး။
အတန်းတင်ပြီးရင် တန်းခွဲကို အဆင့်နဲ့
မခွဲတဲ့အတွက် တီတီစီရဲ့တန်းခွဲတိုင်းမှာ
တော်တဲ့ကျောင်းသား| ပုံမှန်နဲ့ စာမလုပ်
တဲ့ကျောင်းသားဟာ
ညီမျှစွာရှိနေပါတယ်။
ယခင်က Gradeတစ်ခုစီကျောင်းခန်း၂ခန်း
ယောက်ျားလေးသီးသန့်တစ်ခန်း
မိန်းကလေးသီးသန့်တစ်ခန်းနှစ်ခန်းစီခွဲ၍ တစ်ခန်းစီကျောင်းသား၄၀သာထားခဲ့သည်။
နောက်ပိုင်းကျောင်းသား/သူ ဦးရေများလာ၍
အခန်းများလာခဲ့သည်။

(၁၁) အနုပညာရှင် အတတ်ပညာရှင်များစွာပေါ်ထွန်းခဲ့တဲ့
ကျောင်း။

နိုင်ငံကျော်အနုပညာရှင်အတတ်ပညာရှင် အတော်များများဟာ
တီတီစီကျောင်းထွက်တွေပါ။ အကယ်ဒမီဦးဝင်းဦး| အနုပညာရှင် ဇော်ဝင်းထွဋ်
ဆောင်းဦးလှိုင်၊ အဲလက်စ်၊ ဖြူဖြူကျော်သိန်း၊ အစရှိတဲ့အနုပညာ
ရှင်များအပြင် တခြားမြောက်မြားစွာသော စီးပွားရေးလုပ်ငန်းရှင်
တွေ အတတ်ပညာရှင်တွေ အနုပညာရှင်တွေဟာလည်း
တီတီစီကျောင်းကမွေးထုတ်ပေးတဲ့ သူတွေပါ။

(၁၂) သမိုင်းနဲ့နေတဲ့ကျောင်း။

တီတီစီလေ့ကျင့်ရေးကျောင်းဟာ ကိုလိုနီခေတ် ကတည်းက
သီးခြားကျောင်းအဖြစ်နဲ့ရပ်တည်ခဲ့ပါတယ်။ တီတီစီခေါ်
ဆရာဖြစ်သင်ကောလိပ်လေ့ကျင့်ရေးကျောင်း
(Teachers’ Training Collage, Practising School) အဖြစ်
၁၉၃၁ ဇူလိုင်လ မှာစတင်ထူထောင်ခဲ့တယ်။
ဒါကြောင့် ကျွန်တော်တို့
ကျောင်းရဲ့အသက်အကြီးဆုံးအတန်းကတော့ ၁၉၃၁ကနေ
စခဲ့တာပဲပေါ့။ ၁၉၃၁ ဇူလိုင်လမှာ Grade5ကျောင်းသား၃ယောက် Grade8ကျောင်းသား၈ယောက် တစ်ကျောင်းလုံးစုစုပေါင်းကျောင်းသား၁၁ယောက်နဲ့စတင်ခဲ့တာ
မှတ်တမ်းတင်ရပါမယ်။ နောက်နှစ်၁၉၃၂မှာတော့ KGမှGrade10ထိ စုစုပေါင်ုးုကျောင်းသား၄၀၀ကိုလက်ခံခဲ့ပါတယ်။

၁၉၆၈မှာပြည်သူပိုင်သိမ်းခံရတယ်။
၁.၁၀.၁၉၆၆မှာ အခြေခံပညာဦးစီးဌာနက တိုက်ရိုက်အုပ်ချုပ်ခဲ့တယ်။
၁.၁၀.၁၉၇၂မှာတော့ အဆင့်မြင့်ပညာဦးစီးဌာနအောက်သို့ပြန်လည်လွှဲပြောင်းခဲ့ပြီး ပညာရေးတက္ကသိုလ်ရဲ့သီးခြားဌာနတစ်ခုအဖြစ် သီးခြားကျောင်းတစ်ကျောင်းဖြစ်လာခဲ့ပါတော့တယ်။

ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ(၁၉၃၁မှ ယနေ့၂၀၁၇ထိ)
၁။ (၁၉၃၁-၁၉၃၆)
၂။ဦးဘ (၁၉၃၆-၁၉၅၂)
၃။ဦးကျော်ငွေ (၁၉၅၃-၁၉၅၆)
၎။ဒေါ်အေးတင် (၁၉၅၆-၁၉၆၃)
၅။ဒေါ်သိန်းဟန် (၁၉၆၃-၁၉၇၆)
၆။ဒေါ်တင်တင်အေး (၁၉၇၆-၁၉၈၈)
၇။ဒေါ်ခင်မေရီ (၁၉၈၉-၁၉၉၂)
၈။ဒေါ်ခင်နွယ်တင့် (၁၉၉၂-၁၉၉၇)
၉။ဒေါ်ခင်ဝင်းအောင် (၁၉၉၇-၂၀၀၄)
၁၀။ဦးမျိုးဝင်း (၂၀၀၄-၂၀၀၇)
၁၁။ဒေါက်တာနန္ဒာထွန်း (၂၀၀၇-၂၀၁၀)
၁၂။ဒေါက်တာဝင်းမင်းလတ် (၂၀၁၀-၂၀၁၁)
၁၃။ဒေါက်တာမြင့်မြင့်စန်း (၂၀၁၁-၂၀၁၇)
၁၄။ဒေါက်တာမိုးသူ (၂၀၁၇- )

ကျန်းမာရွှင်လန်းကြပါစေ

Copy Post လေးပါ

LEAVE A REPLY

Please enter your comment!
Please enter your name here