Home ကျန်းမာရေး မျက်စိ မစွေစေဖို့ …

မျက်စိ မစွေစေဖို့ …

583
0

မျက်စိစွေခြင်းဟာ အခုခေတ်မှာ အဖြစ်များတဲ့ပြဿနာတစ်ခု ဖြစ်လာပါတယ်။ အများစုကတော့ ကွန်ပျူတာတွေ၊ ဖုန်းတွေ အကြည့်များတာကြောင့် ဖြစ်တတ်ပါတယ်။ မျက်စိစွေခြင်းကို ကာကွယ်လျော့နည်းပြီး အမြင်ကောင်းစေဖို့အတွက် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

မျက်စိစွေခြင်းဟာ ကိုယ့်ရှေ့တည့်တည့်က အရာဝတ္ထုတွေကို ကြာရှည်စူးစိုက်ကြည့်ခြင်းကြောင့် မျက်လုံးအားစိုက်မှု များလာပြီး ညောင်းလာတာပဲ ဖြစ်ပါတယ်။ နေရာကျဉ်းကျဉ်းလေး တစ်နေရာထဲကို စူးစိုက်ကြည့်ရတဲ့အခါ မျက်လုံးနားတစ်ဝိုက်က ကြွက်သားတွေဟာ အလုပ်ပိုလုပ်ရပြီး တဖြည်းဖြည်း ယုတ်လျော့လာတတ်ပါတယ်။ အကောင်းဆုံးကတော့ မျက်လုံးယောဂ လေ့ကျင့်ခန်း ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။

♦       လေ့ကျင့်ခန်း (၁)

လက်ညှိုးကို မျက်လုံးနဲ့ 12 လက်မခန့်အကွာမှာထားပြီး လက်ညှိုးထိပ်ကို 5 စက္ကန့်မှ 10 စက္ကန့်အထိ စိုက်ကြည့်ပေးပါ။ စိုက်ကြည့်နေရင်း လက်ကို တဖြည်းဖြည်း လက်ညှိုးနဲ့ နီးနီးလာပါစေ။ ဒီလိုမျိုး 3၊ 4 မိနစ်လောက်စီ တစ်နေ့ အကြိမ်ရေနည်းနည်း လေ့ကျင့်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း ပြီးသွားတဲ့အခါ မျက်တောင်ခတ်ပေး၊ မျက်လုံးပိတ်ပေးခြင်းဖြင့် မျက်လုံးကို အနားပေးပါ။

 

       လေ့ကျင့်ခန်း (၂)

အပြင်ဘက်မှာ အရာဝတ္ထုတစ်ခုကို နီးနီးကပ်ကပ် ကြည့်နေရာကနေ တဖြည်းဖြည်း ဝေးသွားပါစေ။ လေ့ကျင့်ဖို့ အကောင်းဆုံးနေရာကတော့ အပြင်ဘက်လမ်းဘေးမှာ လမ်းလျှောက်ရင်း သို့မဟုတ် အပြင်ဘက် လေဟာပြင်မှာ ဖြစ်ပါတယ်။ အပြင်သွားနေရင်း အဆင်ပြေတဲ့အချိန်မှာ စက္ကန့် 30 ခန့်စီ လေ့ကျင့်ပေးနိုင်ပါတယ်။

မျက်လုံးပြဿနာ အတော်များများဟာ မျက်လုံးကြွက်သားတွေရဲ့ ကျုံ့နိုင် ဆန့်နိုင်အား မကောင်းလို့ ဖြစ်ရတာပါ။ ဒီလို မျက်လုံးယောဂ လေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့် ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

 

       လေ့ကျင့်ခန်း (၃)

မျက်လုံးကို အပေါ်ကို လှန်နိုင်သမျှ လှန်ပြီး အသက်ကို ဖြည်းဖြည်း ရှူသွင်းရှူထုတ် လုပ်ပေးပါ။ ပြီးနောက် မျက်လုံးကို အောက်ကို ရောက်နိုင်သမျှ ရောက်အောင် ကြည့်ပေးပါ။ ဒီလေ့ကျင့်ခန်းကို 4 ကြိမ်ခန့်စီ လုပ်ပေးနိုင်ပါတယ်။

 

       လေ့ကျင့်ခန်း (၄)

မျက်လုံးကို ညာဘက် ရောက်နိုင်သမျှ ရောက်အောင် ကြည့်ပြီး အသက်ကို ရှူသွင်းရှူထုတ် လုပ်ပေးပါ။ ပြီးနောက် ဘယ်ဘက်ကိုလည်း အလားတူ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို 4 ကြိမ်ခန့် လုပ်ပေးပါ။ 4 ကြိမ် လုပ်ပြီးတိုင်းမှာ မျက်လုံးကို မှိတ်ပြီး အနားယူပေးဖို့လည်း မမေ့ပါနဲ့။

 

       လေ့ကျင့်ခန်း (၅)

မျက်လုံးကို အပေါ် ညာဘက်စွန်း ထောင့်ဘက်ကြည့်ပြီး တစ်နေရာရာကို စူးစိုက်ကြည့်ပါ။ အသက်ကို ရှူသွင်းရှူထုတ် လုပ်ပြီးနောက် အပေါ် ဘယ်ဘက်စွန်းထောင့်ဘက်ကို ပြောင်းကြည့်ပါ။ ၄ကြိမ်စီပြုလုပ်ပေးသင့်ပါတယ်။

နောက် ဒီအတိုင်းပဲ ညာဘက်အောက်စွန်း၊ ဘယ်ဘက်အောက်စွန်းကို 4 ကြိမ်စီ စိုက်ကြည့်ပေးပါ။ အရမ်းညောင်းလာတဲ့အခါ မျက်တောင်ခတ်ပြီး မျက်လုံးကို အနားပေးဖို့ မမေ့ပါနဲ့။

 

♦        လေ့ကျင့်ခန်း (၆)

ဒီလေ့ကျင့်ခန်းမှာတော့ မျက်လုံးကို တစ်ပတ်လည် လေ့ကျင့်ပါမယ်။ မျက်လုံးကို အပေါ်ကို တတ်နိုင်သမျှကြည့်ပြီး နာရီတစ်ပတ်လည် ဖြည်းဖြည်းချင်း လှည့်ပေးပါ။ တစ်ပတ်ပြည့်တာနဲ့ ပြောင်းပြန်တစ်ခါ ပြန်လှည့်ပေးပါ။

 

       လက်ဖဝါး အပူပေး လေ့ကျင့်ခန်း

အထက်ပါ လေ့ကျင့်ခန်းတွေ အကုန်လုံး လုပ်ပြီးချိန်မှာ ဒီလေ့ကျင့်ခန်းကို လုပ်ပေးခြင်းဖြင့် မျက်လုံးကိုရော အာရုံကြောစနစ်ကိုပါ ပြေလျော့စေနိုင်ပါတယ်။

မတ်မတ်ထိုင်ပြီး အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ။ ပြီးနောက် လက်နှစ်ဖက်ကို 15 စက္ကန့်ကနေ စက္ကန့် 20 ခန့်အထိ ပွတ်ပေးပါ။ လက်ဖဝါးကို မျက်လုံးပေါ်ယှက်ပြီး အုပ်ပေးပါ။ အသက်ကို ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ပေးဖို့ မမေ့ပါနဲ့။ ဒီလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မျက်လုံးကို အညောင်းပြေစေတဲ့အပြင် အာရုံကြောနဲ့ သွေးလည်ပတ်စနစ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် မျက်လုံးရဲ့လုပ်ဆောင်မှုကို အားဖြည့်ပေးနိုင်ပါတယ်။

 

>>    ဖြည့်စွက်အချက်များ

မုန်လာဥနီနဲ့ ဟင်းနုနွယ်ရွက် များများစားပေးပါ။ မုန်လာဥနီဟာ အမြင်အာရုံကို ကောင်းမွန်စေတယ်ဆိုတာ အသိများကြပါတယ်။ အမြင်အာရုံ ကွယ်နေသူတွေကို လုံးဝပြန်ကောင်းစေတာမျိုးတော့ မဟုတ်ပေမယ့် အမြင်အာရုံ ပုံမှန်အတိုင်း ရှိနေအောင် ထိန်းသိမ်းပေးနိုင်စွမ်းတော့ ရှိပါတယ်။ ဒါအပြင် ဟင်းနုနွယ်ရွက်မှာ ဗီတာမင်အေဓာတ်နဲ့ ဘီတာကယ်ရိုတင်းတွေ ပါဝင်တာကြောင့် အမြင်အာရုံ ကြည်လင်စေပါတယ်။

ကွန်ပျူတာမျက်နှာပြင်ကို မျက်လုံးနဲ့ တစ်တန်းထဲ မထားပါနဲ့။ မျက်လုံး ရေပြင်ညီလိုင်းအောက်မှာ ထားပေးရပါမယ်။ ဒီလိုထားပြီး ကြည့်ခြင်းက မျက်လုံးကို အနည်းငယ် ကျဉ်းသွားစေပြီး အငွေ့ပြန်ခြင်းကို နည်းစေပါတယ်။

အိမ်ကို အေးအောင်ထားပါ။ အခန်းမှာ လေဝင်လေထွက်မကောင်းဘဲ အရမ်းပူအိုက်နေရင် လေခြောက်သွေ့လာပြီး မျက်လုံးတွေပါ ခြောက်သွေ့လာတတ်ပါတယ်။ အခန်းအပူကို လျှော့ခြင်းဖြင့် မျက်လုံး အားစိုက်ရခြင်းကို နည်းစေပါတယ်။

မျက်တောင်ခတ်ပါ။ မျက်လုံးကို ကွန်ပျူတာမျက်နှာပြင်ကနေ ခေတ္တခဏလွှဲပြီး မျက်တောင်ခတ်ဖို့ မမေ့ပါနဲ့။

Dr. Mya Phoo Ngon

LEAVE A REPLY

Please enter your comment!
Please enter your name here