Home စာစုလေးများ ဒေါ်နယ်ထရန့် နိုင်သွားထဲက ဆိုပါတော့ …

ဒေါ်နယ်ထရန့် နိုင်သွားထဲက ဆိုပါတော့ …

170
0

မြန်မာပြည်ကနေ ထွက်လာလိုက်တာတောင်
အတော်ကြာခဲ့ပြီ …

ဒေါ်နယ်ထရန့် နိုင်သွားထဲက ဆိုပါတော့ …
ထရန့် နိုင်သွားလို့ အမေရိကန်နိုင်ငံအတွင်းက
နာမည်ကြီးတချို့ နေရပ်တွေပြန်ကုန်ကြတာတော့
အဆန်းဟုတ်မယ် မထင်ဘူး

အေး … ဘာမဆိုင် ညာမဆိုင် မြန်မာနိုင်ငံက ကျုပ်က
နိုင်ငံခြား ပြောင်းပြေးတာတော့ သိပ်ထူးဆန်းနေတယ်မလား

ဘယ်နှယ့်ဗျာ …
ထရန့်ပုံနဲ့ မုန့်ဟင်းခါးဆိုင်တွေကော
ထရန့်ကွမ်းယာဆိုင်တွေကော
ထရန့်အကြော်စုံတွေကော
ထရန့် ကူဖီမလိုင်တောင် ပါလိုက်သေးတယ်

ကြိုက်တာလဲ ကြိုက်တာပေါ့
ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်လဲ မဟုတ်ဘူးလေ
ထရန့်ဟာ ဘာလဲ ဘယ်သူလဲဆိုတာတောင်
ဂဃနဏ မသိဘဲနဲ့ မြန်မာတို့ထုံးစံ ဝန်းရံကြတာဟာ
အင်မတန်မှလဲ မျက်စိနောက်စရာ ကောင်းလှပါတယ်

ထရန့်ပုံတွေကို နေရာအနှံ့မှာ ကပ်လာကြတယ်
ကလေးလေးတွေက အစ ထရန့် …

“ဟေ့ကောင်လေးတွေ … မင်းတို့က ထရန့်ကို သိလို့
အော်နေကြတာလား …”

“သိတယ်လေ … ပုဂံခေတ်က သူရဲကောင်းလေ”

“ဟင် … အာ မဟုတ်ပါဘူးကွာ
မင့် ဘယ်သူပြောလဲ”

“သြော် … မှားလို့ …”

“ပြော … ဒါဆို ဘယ်သူလဲ”

ကောင်လေး ချက်ချင်းငြိမ်ကျသွားတယ်
ပြီးတော့ မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်နဲ့
မျက်ရည်လေး ဝဲလာတယ်

“အယ် … ဘာတုံးဟ”

“မြန်မာ့လွတ်လပ်ရေးအတွက်”

“ဟင် … ဘယ်လို”

“ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ပေးသွားတဲ့”

“ဟယ် … ဒီ ခုနစ်ဆယ်ကျော်ကြီးက …”

“ဦးရာဇတ်ရဲ့ တပည့် …”

“ဟာ …”

“ရဲဘော် ထရန့်”

“ဂစ်”

ကောင်လေး မျက်ရည်တွေ ပင့်သုတ်ပြီး

“ထရန့်လို့ တခါပြောတိုင်း
သွေးပွက်ပွက်ဆူလာတယ်”

“နေ … နေတအားပူလို့လားဟင်”

“ထပ်သရီး …
အဲ့ဒါ မြန်မာ့သွေးဘဲ ဦးလေး
အဲ့ဒါ မြန်မာ့သွေးဘဲ …”

“ဟင် … သြော်”

မေးမိတဲ့ ကျုပ်ကိုယ်က မှားတာ
အဲ့သလို ဘုမသိ ဘမသိ ထောက်ခံနေတဲ့လူတွေလဲ အများကြီး
မဲအရေအတွက်အရ ကလင်တန်က များပြီး
ပြည်နယ်ရမှတ်မှာ ထရန့်က အသာစီးနဲ့ နိုင်သွားတာ
ဆိုတာကိုလဲ တချို့မသိကြဘူး

“ထရန့်ကို ဘယ်တုံးက စ သိတာလဲ” မေးကြည့်

“wwe မှာ” လို့ ဖြေမယ့်လူတွေလဲ ရှိရဲ့

ဆိုတော့ကာ …
နားအေးပါးအေး မျက်စိအေး နေချင်လို့
မြန်မာနိုင်ငံက ထွက်လာတာ ကြာပေါ့

ဒါပေမဲ့လဲ အသက်ကြီးလာတော့
မွေးရပ်နိုင်ငံမှာဘဲ ခေါင်းချချင်လာပြန်ကော
မြန်မာနိုင်ငံကြီး ဘာတွေ ဘယ်လိုဖြစ်လို့
ဘယ်ဟာတွေပြောင်းလဲကုန်ပြီလဲ သိချင်တာလဲ ပါတာပေါ့

“အိုးမိုင်ဂေါ့ အဲဒါ ဘာကြီးလဲ”

“အလို … တမျိုးကြီးဘဲ”

“နတ်ပြည်ဆိုတာ ဒါလား”

လေယာဉ်ပေါ်က ခရီးသည်တွေ အားလုံး
ဘာသာစကား အသီးသီးနဲ့ တွတ်ထိုး အံ့သြကုန်ကြတယ်

ကျုပ် လေယာဉ်မှန်ပေါက်ကနေ အသာငုံ့ကြည့်လိုက်တယ်
အောက်မှာ အလှူခံမဏ္ဍပ် လို အဆောက်အဦကြီးက ဟီးလို့

“အဟင်း အဟင်း … ရန်ကုန် လေဆိပ်တောင် ရောက်ပြီဘဲ”

ရင်ထဲမှာ ဝမ်းနည်းဝမ်းသာကြီး …
ဝမ်းသာတာက မြန်မာနိုင်ငံ ပြန်ရောက်လို့
ဝမ်းနည်းတာက အခုချိန်အထိ အဲ့သည် ပေါက်ကရ ဒီဇိုင်းကြီးကို
လေဆိပ်ပါဆိုပြီး ကြွားလို့ကောင်းတုံးမို့လို့

လော်များ တပ်လိုက်လို့ကတော့
ပီဘိ အလှူခံ မဏ္ဍပ် …

လေယာဉ်ပြေးလမ်းကြောင်းထဲ ဝင်လာပြီဆိုရင်ဘဲ
မြန်မာ့မြေကြီးကို နင်းရတော့မဟဲ့ ဆိုပြီး
ရင်တွေခုန်နေပြီ …

“အလို … ဘာတွေတုံး”

လေယာဉ်ဘေးကနေ အတင်းပြေးလိုက်လာတဲ့
အရိပ်မည်းမည်းတွေ

“ဗုန်း ဗုန်း ဗုန်း …”

“ဟ … ထုတယ်ဟ ”

လန့်ဖျပ်ပြီး ကြည့်လိုက်တော့ … လား … လား …
ဆိုင်ကယ်တွေ …

“ဟင် … လေယာဉ်ကွင်းထဲ အထိ
ဘယ်လိုတွေတောင် …”

ဒီကြားထဲ လေယာဉ် ဘေး ကပ်လိုက်ပြီး
ငုံးဥပြုတ် လိုက်ရောင်းတာတွေလဲ ရှိသေးတယ်

လေယာဉ်တံခါးပွင့်တာနဲ့
အောက်ကနေ အထုပ်တွေ ဝိုင်းဆွဲကြတယ်

“အဘ … ဘယ်ပြန်မှာလဲ
မြို့ထဲလား …”

“ဟင့်အင်း …”

“မြို့ပြင်လား …”

“ဟင့်အင်း … ရတယ် လာကြိုမှာ ”

“လိမ်တယ်”

“အာ … တကယ်ဟ”

“ကျနော့်ဆိုင်ကယ်နဲ့ လိုက်ခဲ့လေ”

“နေ … နေပါစေကွယ်
တကယ် လာကြိုမှာ မို့လို့ပါ”

“ဟာ … အဘ
ဒီမှာ ဒီဘက်လာ ”

တော်ပါသေးရဲ့ဗျာ
လာကြိုတဲ့ ချာတိတ် ရောက်လာလို့သာပေါ့
နို့မို့ဆို ဒီဆိုင်ကယ် ကယ်ရီသမားတွေ
ဝိုင်းအမဲဖျတ်လို့ တစစီဖြစ်ပြီဘဲ …

“ဘယ်လိုဖြစ်တာလဲ မောင်ရင်ရယ်
လေယာဉ်ကွင်းတစ်ခုလုံးလဲ ဈေးသည်တွေကော
ဆိုင်ကယ်တွေကော မြင်လို့တောင် မကောင်းပါ့လား”

“အဘတို့ခေတ်ကလို မဟုတ်တော့ဘူးလေ
အခုက …
ဘာကန့်သတ် ညာကန့်သတ်တွေ မရှိတော့ဘူး
ဆိုင်ကယ်တွေလဲ ရန်ကုန်တစ်မြို့လုံး
ကြိုက်တဲ့နေရာ စီးလို့ရနေပြီ ”

“ဟေ … ဟုတ်လား”

အိမ်း … မြန်မာနိုင်ငံကြီးတောင်
တော်တော်ကြီး လွတ်လပ်ခွင့်တွေရနေပြီဘဲ

“ဘယ်နား ပါကင်ထိုးခဲ့တုံး မောင်ရင်”

“ဒီမှာလေ …”

“ဟင် … ဆိုင်ကယ်”

“ဟာကွာ … ဘယ် ကမြင်းမသားက
ပိတ်ရပ်သွားပြန်ပြီလဲ မသိဘူး”

များလိုက်တဲ့ ဆိုင်ကယ်တွေ
နှစ်ထပ်ကလဲ ရပ်ထားသေးတယ်
အခုလဲ အရှေ့မှာ ပိတ်ရပ်ထားတာ
ဘယ်ကမှ ထွက်လို့မရ …

“မ ပါအုံး အဘရယ်”

“ဟင်”

“ဒါမှ ထွက်လို့ရမှာလေ”

“သြော်”

ဆိုင်ကယ်ကို နှစ်ယောက်ပေါင်း
လျှာထွက်မတတ် မ ပြီး
အပြင်ထုတ်လိုက်တယ်

“ဦးထုပ်ဆောင်း အဘ”

“အေး ”

“ခါးပတ်ပတ် အဘ”

“အေး … ဟင်”

“ရော့ … ဒီပလတ်စတစ်ကြိုးကိုယူ
ဖင်နဲ့ခုံနဲ့ မြဲနေအောင် ချည်ထား”

“သြော်”

“အဘတို့ခေတ်ကလို ပရမ်းပတာ မရတော့ဘူး
ဘာစီးစီး ခါးပတ်ပတ်ရတယ်
ရုပ်ပျက် ဆင်းပျက် သေရင်တောင်
ဒီကြိုးစကို ကြည့်ပြီး
အလောင်းရှာရလွယ်တာပေါ့”

“ဂစ်”

မောင်းတော့လဲ အနောက်ကနေ ငြိမ်ငြိမ်မနေရဘူး

“အဘရေ လုပ်ပါအုံး
ညာကွေ့မလို့ …
လက်ထောင်ပေးပါအုံး”

“ဟမ့် … အချက်ပြမီး သုံးလေကွာ”

“ပျက်နေတယ်”

“သြော် … အေး”

“အဘရေ လုပ်ပါအုံး
ဘယ်ဘက်ကို ဘယ်ဘက်ကို”

“အေး … အေး”

“အဘ ဒီတစ်ခါ တည့်တည့်သွားမှာ”

“အဲ့တော့ …”

“လက်နှစ်ဖက်စလုံး ထောင်ပြလေ”

“ဟင် … သြော် အေး အေး”

မသိရင် ကြီးကောင်ကြီးမားနဲ့ ကမြင်းကြော ထနေသလိုဘဲ
အနောက်ကနေ လက်ကြီးနှစ်ဖက်တန်းလို့ ကားယားကြီး …

“ဟာ အဘ
လုံချည် အနီဘဲ
ဖင်ကြွပြီး ကုန်းလိုက်”

“ဘာတုံးဟ”

“ဘရိတ်မီးလဲ မလင်းဘူးလေ”

“ဂစ်”

အနောက်က ထိုင်လိုက်ရင်း ရန်ကုန်မြို့ကြီးကို
တစေ့တစောင်း အကဲခတ်မိတယ်

သြော် … အရင်ကနဲ့ မတူတော့ပါလား

“တီ … တီ …”

“အာကွာ ဖြတ်ဝင်ပြန်ပြီ”

“ဘယ်နှယ် ဖြစ်တာတုံး မောင်ရင်
မင်းတို့ဟာက ဆိုင်ကယ်ပေးစီးလဲ
လမ်းပိတ်တုံး ပါ့လား …”

“ပွဲရှိလို့ဗျ အဘရ
ပွဲရှိလို့ …”

“ဟေ … ဘာပွဲတုံး”

“ပြင်သစ် မြန်မာ ချစ်ကြည်ရေး ပျော်ပွဲရွှင်ပွဲ”

“ဟေ … ဟုတ်လား”

“အရုပ်ကြီးတွေ ထောင်ထားတာ တွေ့လား
ဘာလဲတော့ မသိဘူး …
ပျော်ဖို့တော့ ကောင်းမှာဗျ ”

“အေးနော်”

“ဟိုဘက် တစ်လမ်းကျော်မှာက
အိန္ဒိယ မြန်မာ ချစ်ကြည်ရေး ပျော်ပွဲရွှင်ပွဲ
ဆေးရောင်စုံတွေ လူးကြမှာ”

“ဟုတ်လား …”

“အရှေ့မှာ ပိတ်နေတာကလဲ
မြောက်ကိုရီးယား မြန်မာ ပျော်ပွဲရွှင်ပွဲ ရှိလို့”

“ဘာလုပ်ကြတာလဲ”

“အပျော်တမ်း နျူးကလီးယား လွှတ်ကြတာ”

“ညှယ်”

“ပွဲတွေ စုံနေလို့ လမ်းပိတ်တာပါဗျာ
ပုံမှန်ဆို မပိတ်ပါဘူး”

“ပျော်စရာတော့ ကောင်းသားကွ နော်
ငါတို့တုံးက သင်္ကြန်လောက်ဘဲ ရှိတာရယ် …”

ချာတိတ် ဆတ်ခနဲ လှည့်ကြည့်တယ်
ပြီး မျက်မှောင်ကြုတ်ပြီး

“ဘာတုံးဗျ သင်္ကြန်ဆိုတာ …
ဘယ်နိုင်ငံနဲ့ ချစ်ကြည်ရေးလုပ်တဲ့ပွဲလဲ”

“ဟယ်”

သြော် … နိုင်ငံတကာက ပွဲတွေကျ သိတယ်
သင်္ကြန်ဆိုတာ ဘယ်နိုင်ငံရဲ့ ပွဲတော်လဲဆိုတာတောင်
မသိတော့ပါလား …

ကျုပ်တို့ခေတ်ထဲကတော့ သင်္ကြန်မှာ
သရုပ်ပျက်တာတွေလဲ ရှိရဲ့
သရုပ်မပျက်တာလဲ ရှိရဲ့
ရိုးရာပွဲတော်ကိုတော့ဖြင့် ရေဖြုန်းရုံသက်သက်လို့
မမြင်စေချင်ဘူး
ကားလမ်းပိတ်တာတော့ ပိတ်တာပေါ့လေ

“ဟူး ………
ငါ ခဏဆင်းအုံးမယ်ကွာ
အညောင်းလေး ဘာလေး ဖြေမလို့”

“ဟုတ်ကဲ့ အဘ”

ဆိုင်ကယ်ပေါ်က အသာခွဆင်းလိုက်တယ်
ကြည့်စမ်းပါအုံး … ရန်ကုန်
မြို့တော်ခန်းမ ခြေရင်းမှာ ဆိုင်ကယ်တွေ ဥဒဟို သွားလာနေကြ
နိုင်ငံတကာ ပွဲတော်တွေ ဟိုတစ်စု ဒီတစ်စု
ဘယ်မှာလဲ … ရန်ကုန်

“ဟူး …… ”

ဟိုကြည့် ဒီကြည့် လုပ်နေရင်း အင်မတန်မှ
ထူးဆန်းတဲ့ မြင်ကွင်း တစ်ခု သွားတွေ့တယ်

“ဟင် … ဘယ်လိုကြီးလားဟ”

အမျိုးသမီးက လမ်းလျှောက်သွားတယ်
လက်ထဲမှာ လှောင်အိမ်တစ်ခု
လှောင်အိမ်ထဲမှာ ကလေးတစ်ယောက်

“ဟေ့ မောင်ရင် … လာစမ်း မြန်မြန်
ဟိုဟာက ဘယ်လိုဖြစ်တာတုံး”

“သမီးမိန်းကလေး မို့လို့
လှောင်အိမ်ထဲ ထည့်ထားတာလေ ဘာဆန်းလို့လဲ”

“ဟေ”

“အဘတို့ ခေတ်ထဲက သက်ငယ်မုဒိန်းတွေ သေဒဏ်ပေး
ဘာညာလျှောက်အော်တယ်လေ”

“အင်းလေ … ငါသိတယ်လေ”

“ဆန္ဒတွေပြကြ ဘာကြ ညာကြ အိယောင်ဝါးလုပ်ကြတယ်လေ”

“အင်းလေ”

“ကျင့်တယ်လေ ကျန်းမာရေး မကောင်းတော့ လွတ်တယ်လေ”

“ဟင်”

“ညှိတယ်လေ လျော်ကြေးပေးတော့ လွတ်တယ်လေ”

“ဟယ်”

“အခု ဘာဥပဒေမှ မလိုဘူး
သူတို့ဘာသာ သေဒဏ်ပေးချင်ပေး မပေးချင်နေ
မိန်းကလေး မှန်သမျှ ၁၈ နှစ်မပြည့်မချင်း
လှောင်အိမ်ထဲမှာဘဲ မွေးတယ်”

“ဟင် … သြော်”

ကောင်းလေစွ … လုံခြုံပေစွ
ဟုတ်ပ … ဒါ့ထက် စိတ်ချရတာ ဘာရှိအုံးမလဲ
ကျူပ်တို့ခေတ်တုံးကများ သေဒဏ်ပေးပါ ဘာညာ
ဖင်ကုန်းပြီးအော်တယ်
ဖင်ပြဲတာဘဲ အဖက်တင်တယ်
အခုခေတ် မိဘ တွေများ တယ်ဥာဏ်ကောင်းသကိုး

“အိမ်း … လူကြီးလာရင်တော့
လှောင်အိမ်ကြီးကြီးလိုမှာဘဲ”

“ဒုန်း ………”

“အား လား လား …”

ကြည့်လိုက်တော့ ညို့သဂျီးကို ခြေတွန်းလှည်းနဲ့
ကလေးတစ်ယောက် ဝင်တိုက်တာ …

ပလက်ဖောင်းပေါ်မှာ ခြေတွန်းလှည်းနဲ့ ကလေးတွေ အများကြီး
ကျုပ်လိုဘဲ အတိုက်ခံရတဲ့ လူတွေလဲ ရှိတယ်
ဒါပေမဲ့ မထူးဆန်းတော့သလိုဘဲ
ကိုယ့်လမ်း ကိုယ် ဆက်သွားနေကြတယ်

“ဟ … ဘာလေးတွေတုံးဟ”

“အဲ့ဒါကျ ကလေးအထီးပေါက်စနလေးတွေ Drift ဆွဲနေတာလေ အဘရ”

“ဟေ”

“ဒီမှာက အသက်မပြည့်လဲ Drift ဆွဲလို့ရတယ်
ဒါတောင် လမ်းမလျှောက်တတ်သေးလို့နော်
ဟော … ဟိုမှာ လမ်းလျှောက်တတ်ခါစ ကလေးတွေ
ကားတွေနဲ့ ဗျင်းလာကြပြီ ”

“ဟယ် ပြေး ပြေးရမှာလား ဟင်”

“ဝပ်”

လူတွေလဲ ဓာတ်တိုင်အနောက်တွေ ပြေးကပ်ကုန်ကြတယ်

“ဟယ် … တိုင် တိုင်မကျန်တော့ဘူး”

သြော် … ကြီးကောင်ကြီးမားနဲ့ တိုင်လုတမ်း ကစားနေရသလို

“အဘ မြန်မြန် …
တိုင်မကျန်ရင် မြောင်းထဲဆင်းပြေး”

“ဇွတ် …”

“ဟာ … ချော်ပဟ ”

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုဘဲ
ညို့သဂျီး အတိုက်ခံရတယ်
အခု မြောင်းနှုတ်ခမ်းပေါ် ဖင်ထိုင်လဲတယ်
ဟို မိမဆုံး ဖမဆုံး မသား လေးတွေက
drift ဆွဲလို့ ဝတော့ ပြန်ကုန်ကြတယ်

“အဘ ရရဲ့လား”

“ရတယ် … ငါ့ အိမ်ကိုသာ မြန်မြန်ပို့ပါတော့ကွာ”

အိမ်ရောက်မှ ကျုပ်သက်ပြင်းချနိုင်တော့တယ်
မြန်မာနိုင်ငံကို ချစ်လို့ လွမ်းလို့ ပြန်လာတယ်
အခုချိန်အထိ ဟိုတုန်းက မြန်မာနိုင်ငံကို
ပြန်ရှာမတွေ့သေး

“အလွမ်းမပြေလိုက်တာကွာ … တောက်”

သင်္ကြန်ဆိုတာလဲ မရှိ
ဆေးရောင်တွေနဲ့ အရုပ်တွေနဲ့ ပွဲတွေဘဲရှိတယ်
ဒါလား မြန်မာ

သက်ငယ်မုဒိန်းကောင်တွေကို ကြောက်လို့
သမီးမိန်းကလေးတွေ လှောင်အိမ်နဲ့ ၁၈ နှစ် နေရတယ်
ဒါ ထောင်သက်နဲ့ တွက်ရင် နှစ်ကြီးဘဲ
ကျူးလွန်သူကို ထောင်ချမရတော့
အကျူးလွန် မခံရအောင်
ကိုယ်ပိုင် ထောင်ထဲဝင်နေရတဲ့ ခေတ်
ဒါလား မြန်မာ

ကလေးပေါက်စနတွေက အစ
ကားတွေကော ခြေတွန်းလှည်းတွေကော
ပရမ်းပတာ မောင်းတဲ့ခေတ်
ဒါလား မြန်မာ

“တောက် … အခုထိအလွမ်းပြေစရာ တကွက်မှ မတွေ့သေးဘူး
ကိုယ့်ကိုယ်ကို မြန်မာပြည် ပြန်ရောက်နေတယ်ဆိုတာတောင်
ယုံရခက်ခက် …”

“ဖလပ်”

“ဟာ”

ရုတ်တရက် မီးပြတ်သွားတာ
ဘယ်ကြည့်ကြည့် မှောင်မဲ
ကျုပ် အမှောင်ထဲမှာ မျက်ရည်ဝိုင်းသွားတယ်
ဝမ်းသာလို့ ကျတဲ့ မျက်ရည် …
နောက် ရင်ခေါင်းသံကြီးနဲ့ ကျုံးအော်တော့တာဘဲ

“ဝေး ဟေး ဟေး ဟေး …
ဒါဘဲ … အဲ့ဒါ မြန်မာ
အဲ့ဒါမှ ငါတို့ခေတ်က မြန်မာစစ်စစ်
အခုမှ အလွမ်းပြေတော့တယ်
အို … ဘာတဲ့
ယောကျာ်း ဘသား အမှောင်ထဲ အောင်ပွဲခံ
နောက်တခါ မှောင်ပြန်ပြီတဲ့ဟေ့
ဟေ … ဟေ … ဝါး”

ပျော်လိုက်တာမှ ပြဲလို့ ။ ။

ဇေယျာ

LEAVE A REPLY

Please enter your comment!
Please enter your name here