Home ဗဟုသုတ
620
0

ကျွန်တော် ဒီနေ့ ရန်ကုန်လေဆိပ်ကို ညီမဖြစ်သူ စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ရန် လိုက်ပို့ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်လည်း နိုင်ငံခြားမှာ အလုပ်သွားလုပ်ပီး ပြန်လာတာ ကြာပါပီ။ အခု တော်တော်လေး ပြောင်းလဲသွားတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမဲ့ အရင်တုန်းကထက်စာရင် ပိုက်ဆံတောင်းတဲ့စနစ်ကလည်း တော်တော်ပြောင်းလဲသွားတယ်ဗျ။ ဘယ်လိုပြောင်းလဲသွားတာလဲ ဆိုရင် အရင်က ကိုယ်ဘာသာကိုယ် လက်ဖက်ရည်ဖိုးပေးရတဲ့ အဖွဲ့အစည်းတွေက လက်ဝေခံလူ တွေထားပြီး ပိုက်ဆံတောင်းခိုင်းတာပဲဗျ။

အရင် အလုပ်သွားလုပ်တုန်းကတော့ လေကြောင်းလိုင်း၊ တာဝန်ကျရဲ၊ ဂိတ်စောင့် အားလုံ ကိုယ်ဘာသာကိုယ် အဆင်ပြေသလောက်လေး ပေးနေရင်း သွားလို့ လာလို့ ရနေတာဗျ။ အခု အလုပ်သွားလုပ်ရင် အစွန်ဆုံးအဆောက်အဦးမှာရှိတဲ့ လေဘာကောင်တာကို သွားပြီး သတင်းပို့ ရသေးသဗျ။ ညီမဖြစ်သူသွားမယ့်လေယာဉ်က Myanmar National Airline ၊ တာမီနယ်(၂) ဆိုတော့ အရင်ပြန်လာခဲ့တုန်းကနေရာဗျ။ ဟိုးအရင် ရွှေရောင်မုဒ်ဦးတော့မရှိတော့ပါဘူး။ အဲ့ဒီ့ထဲကို ရောက်တော့ အပေါက်ဝနားမှာ ထိုင်နေတဲ့ အင်္ကျီအပြာနုရောင်ဝတ်ထားတဲ့၊ အသက်(၄၅)နှစ်ကျော်လောက်ရှိမယ့် အစ်ကိုတစ်ယောက်က ညီလေးဘယ်သွားမလို့လဲမေးတော့ အရင်လို အိတ်သယ် ပေးတဲ့ အစဉ်အလာလေးလဲရှိသေးတယ်ထင်တာကိုး ညီမစင်္ကာပူသွားမလို့လိုက်ပို့တာလို့ပြောတော့ ဘာသွားလုပ်မှာလဲ၊ အလုပ်သွားလုပ်မှာဆိုရင် ဒီအတိုင်းမရဘူးတွေ ပြောလာရောဗျ။

ကျွန်တော်က ဘယ်လိုကြောင့်လဲထပ်မေးတော့ သူက အလုပ်သွားလုပ်မယ်ဆိုရင် ဟိုဘက်တာမီနယ်မှာရှိတဲ့ အလုပ်သမားကောင်တာကို သတင်းပို့ရမယ်၊ ဒါပေမဲ့ မင်းညီမ Passport က PJ မဟုတ်ဘဲ PV အသစ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး ပိုက်ဆံပေးရမယ်လို့ ပြောလာတော့ ကျွန်တော်လည်း ကိုယ့်ညီမက တရားဝင်သွားမှာဗျာ၊ ဘယ်ကောင်တာကို သွားရမလဲမေးတော့ ဟိုဘက်အဆောက် အဦးမှာ ရှိတဲ့ လေဘာကောင်တာကို သွားပို့ရမယ်ပြောတယ်၊ ကျွန်တော်လည်း သွားပို့ကြည့်မယ် ပြောတော့ သူကလည်းလိုက်ပို့တယ်ဗျ ကျွန်တော်ကလည်း အဲ့ဒီ့အထိ ရိုးရိုးသားသား ကူညီတာပဲ ထင်မိတာ။
လေဘာကောင်တာရောက်တော့ Passport နဲ့ စာရွက်စာတမ်းတွေ ပြရတယ်။ ဖြစ်ချင်တော့ ညီမဖြစ်သူ Passport က PJ မဟုတ်ဘဲ PV ဖြစ်နေလို့တဲ့ လေဘာကောင်တာက အစ်မကြီးက အဆင်ပြေသလိုသွားလိုက်ပါတဲ့၊ သူတို့ကတော့ တားမှာလို့ပြောတယ်။ ဘယ်လိုမှလည်း ပြောလို့က မရဘူး၊ ကျွန်တော်လည်း ဘယ်လိုလုပ်ရမလဲ စဉ်းစားရကြပ်သွားတော့ ခုနက လိုက်လာတဲ့ လူက ညီလေးအဆင်ပြေအောင် အစ်ကိုလုပ်ပေးမယ် ဒါပေမဲ့ ပိုက်ဆံ(၁)သိန်းခွဲလောက် ကုန်မယ်တဲ့၊ ဘုရား ဘုရား ကျွန်တော်လန့်သွားတယ်၊ ဘာဖြစ်လို့လဲမေးတော့ အလုပ်သမားအဖွဲ့၊ လူကုန်ကူးအဖွဲ့၊ လေကြောင်းရဲ၊ သတင်းရဲ၊ လဝက အစရှိတဲ့ အဖွဲ့အစည်းတွေရှိကြောင်း၊ ထိုအဖွဲ့အစည်းတွေကို တစ်ဖွဲ့ (၂)သောင်းနှုန်းပေးရကြောင်း၊ ဒါတောင် ရံဖန်ရံခါ လှည့်ကင်း၊ ပတ်ကင်းနဲ့ အိတ်ရေးဂိတ် စောင့်တဲ့သူတွေကိုပါပေးရကြောင်း ပြောဆိုလာတော့ ကျွန်တော်က ကျန်တဲ့သူတွေကရောမေးတော့ သူတို့လည်း ဒီလိုပဲ ပေးပြီးသွားရကြောင်း၊ အဲ့ဒီ့လိုမပေးဘဲသွားရင် လူကုန်ကူးနဲ့ လေကြောင်းရဲက လိုက်ဖမ်းပြီး အမှုဖွင့်အရေးယူတာတွေလုပ်ကြောင်း၊ မင်းက ကုမ္ပဏီလိုင်စင်မရှိဘဲ အလုပ်သမား လိုက်ပို့သလိုဖြစ်လို့ ပြည်ပ-၂၆ နဲ့အရေးယူခံရနိုင်တယ်ပြောတော့ ကျွန်တော် နည်းနည်းတော့ ဒေါကန်သွားတယ်ဗျ။ ကျွန်တော်လည်း ညီမဖြစ်သူကို လိုက်ပို့တာလေ၊ ကုမ္ပဏီမှ မဟုတ်တာလို့ ပြန်ပြောတော့ သူက ညီလေး မင်းမယုံရင် လိုက်မေးကြည့်၊ အားလုံးကဒီလိုပဲ လိုင်းကြေးသဘောမျိုး ပေးပီးသွားနေကြတာ၊ သူပြောတာ မဟုတ်ရင် သူနာမည်က ကိုမြင့်သူ လို့မေးလိုက်တဲ့ လေဆိပ် တစ်ခုလုံးသိတယ်လို့ပြောတယ်။ ဒီအတိုင်းဝင်ကြည့်လို့ ပြဿနာဖြစ်ရင် သူ့ကိုလည်း လာမခေါ်နဲ့ လို့လည်း ပြောတယ်။

ဟိုတစ်လောက ဒေါ်လာပွဲစား တစ်ယောက်ရဲ့သားတောင် အဲ့ဒီ့လို ကိုယ်ဘာသာကိုယ် ကျော်ဝင်လို့ လူကုန်ကူးက ကိုကျော်နိုင်ဦး နဲ့ လေကြောင်းရဲက ဝင်းနိုင်ထွန်း တို့က အပေါ်မှာဖမ်းထားလို့ ပိုက်ဆံသုံးသိန်းပေးပြီး ပြန်လွှတ်ခိုင်းရကြောင်း မယုံရင် လေဆိပ် ပလက်ဖောင်းမှာ ထိုင်နေတဲ့ ပိုက်ဆံလဲမလားလိုက်မေးနေတဲ့ ဒေါ်လာပွဲစားတွေကို မေးကြည့်လို့ ရတယ်လို့ ပြောပါတယ်။
ကျွန်တော်လည်း မထူးတော့ပါဘူးဆိုပြီး ပိုက်ဆံ (၁)သိန်းခွဲပေးပီး စောင့်ကြည့်လိုက်တာ အဆင်ပြေသွားပါလေရောဗျ။ အဲ့ဒီ့လူက လိမ်တော့မလိမ်ပါဘူး၊ သူကျွန်တော့ညီမကို အပေါ်ထပ် အထိလိုက်ပို့ပေးပြီး ပြန်ဆင်းလာတော့ ရဲဝတ်စုံဝတ်ထားတဲ့ အသားမည်းမည်း (၂)ပွင့်နဲ့တစ်ယောက် နောက်ကလိုက်လာပြီး ပိုက်ဆံယူတယ်၊ နောက် ပုပုဝဝနဲ့အရပ်ဝတ်နဲ့လူတစ်ယောက် လိုက်လာပြီး ယူတာတွေ့တယ်ဗျ။ ဘေးနားမှာထိုင်နေတဲ့ လူတစ်ယောက်ကိုမေးကြည့်တော့ ယူနီဖောင်းနဲ့လူက လေကြောင်းရဲက ဝင်းနိုင်ထွန်း နဲ့ ပုပုဝဝနဲ့လူက လူကုန်ကူးက ကိုကျော်နိုင်ဦး လို့သိရပါတယ်။ သူတို့က မနက်(၅)နာရီဝန်းကျင်ကနေစပြီး အခုလို အလုပ်သမားတွေ သွားတဲ့လေယာဉ်ချိန်တွေဆို လာထိုင်နေတတ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ဗျာ ပိုက်ဆံ(၁)သိန်းခွဲပေးလိုက်ရတာ နင့်နေတာတော့အမှန်ပဲဗျ။ ကျွန်တော့ ညီမက အဆင်မပြေလို့ နိုင်ငံခြားထွက်ပီး အလုပ်လုပ်တာလေ (၂)သောင်း (၃)သောင်းလောက်ဆိုရင် မပြောလိုပါဘူး။ အတွေ့အကြုံတော့ ရတာပေါ့ဗျာ ရန်ကုန်လေဆိပ်က ဝန်ထမ်းတွေရဲ့ ပိုက်ဆံ တောင်းတဲ့ နည်းအသစ်လေးပေါ့။ အဲ့ဒီ့လူက သူ့ဖုန်းနံပါတ်ပေးသွားသေးတယ်ဗျ ကိုမြင့်သူ၊ ၀၉၇၃၁၀၀၀၆၈ တဲ့။Credit : Kyaw Swar

Today MediaToday Media

LEAVE A REPLY

Please enter your comment!
Please enter your name here