Home စီးပွားရေး ဈေးကွက် ပုံပြင်

ဈေးကွက် ပုံပြင်

252
0

တစ်ခါက အင်မတန်ကိုတော်ပြီး စဉ်းစားတွေးခေါ် တတ်တဲ့ပညာရှင်တစ်ယောက်ရှိသတဲ့။ သူဟာမြို့မှာ နေရတာမွန်းကျပ်တဲ့အတွက် ကျေးလက် ဒေသတစ်ခုကိုပြောင်းလာပြီး ရွာတစ်ရွာမှာနေခဲ့တယ်။ သူနေတဲ့ရွာ ပတ်ဝန်းကျင်မှာ ဝါးပင်တွေအများကြီး ပေါက်ပြီး သာယာလှပတယ်တဲ့။ သူဟာနေ့စဉ် မနက်လင်းတာနဲ့ ဝါးပင်တွေကို ကြည့်ပြီး သဘာဝပါတ်ဝန်းကျင်ကို လေ့လာတယ်။ ဒီလိုနဲ့သူဟာ ဝါးပင်တွေအကြောင်း သိလာတယ်၊ ကျွမ်းကျင်လာတယ်၊ ဝါးပန်းချီဆွဲတတ်လာတယ်၊ ဝါးပင်ရဲ့အလှအပကို ခံစားရေးဖွဲ့ထားတဲ့ ကဗျာ လင်္ကာတွေရေးဖွဲ့လာတက်တယ်၊ ဝါးပင်တွေအကြောင်း တစ်ဖက်ကမ်းခပ်တက်လာတယ်။


သူရေးဆွဲထားတဲ့ ဝါးပန်းချီကားတွေ၊ စာတွေ၊ ကဗျာလင်္ကာ တွေကိုမြို့ကိုတင်ပို့ပြီး ရောင်းချစေတယ်။ မြို့မှာနေတဲ့ သူဌေးသူကြွယ်တွေ ပိုက်ဆံချမ်းသာတဲ့အရာရှိကြီးတွေဟာ သူ့ရဲ့ဝါးပန်းချီကားတွေ၊ စာတွေ၊ ကဗျာလင်္ကာတွေကို တန်ဖိုးကြီးပေးပြီးဝယ်ကြပြီး အိမ်တွေမှာအလှချိတ်ကြသတဲ့။ ဒီလိုနဲ့ ပညာရှင်ဟာ ပန်းချီကားတွေ စာတွေ၊ ကဗျာ လင်္ကာတွေကို မြို့ကိုထပ်ပြီးတင်ပို့သတဲ့။ ဒီတစ်ခေါက်ကြတော့ မြို့မှာရှိကြတဲ့ သူဌေးသူကြွယ်တွေ ပိုက်ဆံ ချမ်းသာတဲ့အရာရှိကြီးတွေဟာ သူတို့မှာရှိပြီးဖြစ်တဲ့ အတွက်ထပ်မဝယ်ကြတော့ပဲ နေကြသတဲ့။ ဈေးကွက်ဟာသေသွားပြီး ဝယ်မယ့်သူတွေမရှိကြတော့ပါ။ သူ့ရဲ့ဖန်တီးမှု့ တွေမရောင်းချရ တဲ့အတွက် ပညာရှင်ဟာ ငွေကြေးခက်ခဲကျပ်တည်းပြီး ဆင်းဆင်းရဲရဲနဲ့ နေရသတဲ့။


တစ်ချိန်ထဲမှာပဲ ရွာထဲမှာရှိတဲ့ ပညာရှင် လောက် ဝါးပင်အကြောင်းကိုမသိသော မကျွမ်းကျင်သော ရွာသားတွေဟာ ဝါးပင်တွေကိုခုတ် တောင်းပလုံး၊ လူ့ အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ကာ မြို့ကိုတင်ပို့ ရောင်းချ နေကြတယ်တဲ့။ မြို့ကလူတွေအားလုံးဟာ ဝါးနဲ့လုပ်ထားတဲ့ တောင်းပလုံးတွေ အသုံးအဆောင် ပစ္စည်းတွေကိုဝယ်သုံး၊ သုံးပါများတော့ ဟောင်းနွမ်း ပျက်စီးသွားပြီး ပြန်ဝယ်သုံး၊ ဒီလိုနဲ့ ဈေးကွက်ဟာ အရှင်ဖြစ်လို့ အမြဲတမ်းရောင်းချနေရပြီး ရွာသားတွေဟာ ချမ်းသာလာကြသတဲ့။

Aung Kyaw Minn

LEAVE A REPLY

Please enter your comment!
Please enter your name here