Home စာစုလေးများ နီကိုရဲ ပြောပြခဲ့သောကိုငှက်ရဲ့ လမ်းဘေးဂီတပွဲ

နီကိုရဲ ပြောပြခဲ့သောကိုငှက်ရဲ့ လမ်းဘေးဂီတပွဲ

484
0

သူနှင့် ကျွန်တော် တစ်ပတ်ကို အနည်းဆုံး တစ်ရက်တော့တွေ့ ဖြစ်ကြသော အချိန်လည်းဖြစ်သည်။ ကျွန်တော်တို့အနုပညာသမားတွေ Hand Phone တွေရကြ၏။ ဒီတော့သူ့ဆီကို ဆက်သွယ်ရတာ အဆင်ပြေသည်။ အရင်တုန်းက လမ်းဘေး ဖုန်း မှ သူ့အိမ်ကိုဖုန်းဆက်လျှင် အမြဲတမ်း မသွယ်နှင့်သာတွေ့သည်။ မေးလျှင် “ မရှိဘူး ဘယ်သွားမှန်းလဲ မသိဘူး” ဟု မသွယ်၏ အိပ်ချင်မူးတူးလေသံကိုသာ ကြားရ၏။

အခု သူ့မှာ Hand Phone တစ်လုံး ရှိနေသဖြင့် အရင်ကထက်စာလျှင် ဆက်သွယ်ရတာ ပိုအဆင်ပြေချင်သည်။ (ထိုဖုန်းမှာ သူလျှောက်ပြီးရသောဖုန်းမဟုတ်ပါ မသွယ်အစ်ကို၏ Hand Phoneကို သူယူကိုင်ခြင်းဖြစ်သည်။ သူက ဖုန်း မလျှောက်ပါ) ကြုံ၍ပြောရဦးမည်။ သူဖုန်း ကိုင်သော အလေ့အကျင့်အကြောင်းဖြစ်၏။ သူက သူ့ဖုန်းကို အမြဲတမ်း ပိတ်ထားသည်။ သူဆက်ချင်လျှင်ကောက်ဖွင့်ကာဆက်တတ်ပြီး၊ ဆက်ပြီးလျှင် ပြန်ပိတ် ထားတတ်၏။ အရေးကြီး၍သူ့ထံဖုန်းဆက်လျှင်“ဆက်သွယ်မှုဧရိယာပြင်ပ”ဆိုသောလူကြီး မင်းနှင့်သာ တိုးတက်လေသည်။ ထိုကိစ္စကို ကျွန်တော်မေးတော့ “Hand Phoneဆိုတာ ကိုယ်က ဆက်ချင်တဲ့အချိန် အလွယ်တကူကောက်ဆက်ဖို့ပဲ လို့ ကျွန်တော်ထင်တယ်ဗျာ၊ ဖွင့်ထားရင် ဆိုင်တာတွေရော မဆိုင်တာတွေရော ၀င်လာရော.. ဒါကြောင့်မို့ ကျွန်တော်ဖုန်းနံပတ်ကိုပေးချင်တဲ့သူကိုပဲပေးတာ၊ ခင်ဗျားဆက်ချင်ရင် ခြောက် နာရီလောက်ဆက် ကျွန်တော်ဖုန်းဖွင့်ထားတယ်” ဖုန်းနှင့်ပတ်သက်သည့် သူ့အဘိဓမ္မာက တစ်မျိုးပါလားဟု ကျွန်တော်ထင်သည်။

ထိုနေ့က ကံကောင်းစွာသူနှင့်ကျွန်တော်ဖုန်းအဆက်အသွယ်ရကာOasis Studioမှာဆုံကြ သည်။ သူ့ကိစ္စတွေပြီးတော့ သူနှင့်ကျွန်တော် သူ့ကားပေါ်တက်ကာ ပြန်ခဲ့ကြသည်။ ဘယ်သွားမည် ဘာလုပ်မည် ဘာအစီစဉ်မှမရှိ။ လှည်းတန်းမီးပွိုင့်ရောက်တော့ သူက ကားမောင်းနေရင်းက “ကိုရဲဝင်း…ကျွန်တော် မုန့်ဟင်းခါးစားချင်တယ်ဗျာ…” သူ့လေသံက နူးနူးညံ့ညံ့၊ သားတစ်ယောက်က ဖခင်တစ်ယောက်ကိုပူဆာသည့် ပုံစံမျိုး။ သူ တစ်ခါတစ်ခါ အဲဒီလိုပြောတတ်တလေ့ရှိတာကို ကျွန်တော် သတိထားမိသည်။ “ဟာ…စာချင်စားပေါ့ ကိုငှက်ရ…လှည်းတန်းမှာ မုန်းဟင်းခါးကောင်းတဲ့ဆိုင်တွေ အများကြီးဟာ” ဒီလိုနှင့် သူနှင့်ကျွန်တော် မုန့်ဟင်းခါးဆင်းစားကြသည်။ သူလည်းတစ်ပွဲမကုန်၊ ကျွန်တော်လည်းမကုန်ပါ။ မကုန်သည့်မုန့်တွေသွန်ခိုင်းကာ ဟင်းရည်သောက်နေကြတုန်း ဗုံသံ နှင့်သီချင်းဆိုသံကို ကြားရလေသည်။ သူကဟင်းရည်သောက်နေရာမှအသံလာရာဆီ ကြည့် သည်။ ပြီးတော့ ခေတ္တနားစိုက်ထောင်ကာ ငြိမ်နေသည်။ ကျွန်တော်လျှောက်ရှာကြည့်တော့
လူလေးငါးဆယ်လောက်ခန့်အုံနေသော ပလက်ဖောင်းမှအသံဖြစ်၏။ ဆိုနေသောသီချင်းက ပိုးအိစံ၏ မဏိစန္ဒာသီချင်း။ အသံက ယောက်ျားအသံ။

“ကိုရဲဝင်း လာဗျာ…”

ပိုက်ဆံရှင်းပြီး ကျွန်တော်တို့ လူအုပ်ထဲတိုးလိုက်တော့ စဉ့်အိုးကလေးသုံးလုံးကို ထီးပိတ်နှင့်အုပ်ကာတီးနေသော လူတစ်ယောက်ကိုတွေ့ရ၏။ အ၀တ်အစားက နွမ်းနွမ်း ခပ်ပိန်ပိန်၊ သူ့မျက်နှာက သစ်ကြားသီးလိုသွေ့ခြောက်လျှက်။ ကိုငှက်က သူတီးပုံကိုစိုက်ကြည့်ကာနေသည်။ ထိုသီချင်း ပြီးသွားတော့ ဘာမပြော ညာမပြောနှင့်လူအုပ်ထဲမှထွက်ကာ ထိုလူ့အနားသွားကာထိုင်သည်။

“ဟာ…ကိုငှက်ကြီးကွ”

ဟု လူအုပ်ထဲကတစ်ယောက်က ပြောသည်။ ကျွန်တော်က လူအုပ်ထဲမှာပင် ကျန်ခဲ့သည်။ သူနှင့် လိုက်သွားရမလား၊ ဒီမှာပဲရပ်နေမလား မဝေခွဲနိုင်၊ သူက စဉ့်အိုးကလေးတစ်လုံးကို တီးကြည့်ကာ ထိုလူနှင့်စကားပြောသည်။ ကျွန်တော်ကြားရသရွေ့ဆိုလျှင် အသံဘယ်လိုချိန်သလဲ ဘာကိုတင်းသလဲ လျှော့သ
လဲဟု မေးဟန်တူပါသည်။ တီးသူကလည်း သူ့ကို သိဟန်တူပါသည်။ စဉ့်အိုးကလေးတစ်လုံးကို ဖြုတ်ပြကာ ပြန်တပ် ပြန်တင်းလုပ်ကာပြ၏။ ပြီးတော့ သူက စဉ့်အိုးကလေးတွေကို ဖြုတ်ကာ၊ တပ်ကာ၊ တင်းကာ၊ လျှော့ကာ၊ တီးကြည့်နေသည်။ ၀ိုင်းကြည့်နေသူတွေကလည်း “ဟေ့ကောင် ထူးအိမ်သင်ကွ၊ ထူးအိမ်သင်” ဆိုသဖြင့်လူကတော်တော်များလာသည်။ လူတွေအုံလာသည်ဆိုလျှင် ပို၍မှန်မည်။ ဒီတော့မှ ကျွန်တော်လူအုပ်ထဲကတိုးထွက်ကာ သူ့အနားသို့ရောက်သွားသည်။ သူ ကျွန်တော့်ကို မော့မကြည့်။

ထိုစဉ်းအိုးကလေးသုံးလုံးကို တီးကြည့်သည်။ အမျိုးမျိုးတီးပြီးသည့်နောက်စဉ့်အိုးတီး သူကို “ဒီအတိုင်းတီး” ဆိုကာ သူကပြသည်။ ဟိုလူက လိုက်တီး၏။ ပထမ မမှန်သေး သူက စိတ်ရှည်လက်ရှည်ပြသည်။ သုံးခါလောက်ပြပြီးတော့ နေ့စဉ်တီးဟန်တူသော ဟိုလူက သူ ပြသည့်အတိုင်း တဖြည်းဖြည်းမှန်ကာလာသည်။ သူကကျေနပ်ကာ ဟုတ်ပြီး…ဟုတ်ပြီ… ဟု ဆိုသည်။ အခုချိန်ထိသူဘာ့ကြောင့်တီးခိုင်းနေတယ်ဆိုတာကျွန်တော်မသိ၊ ထိုလူကလည်းမသိ ပရိသတ်လည်းမသိ၊ ဟိုလူလက်ကျမှန်သွားတော့မှ သူက သူလွယ်ထားသောအိတ်ထဲမှ ပလွေတစ်ချောင်း(သူ သြစတြေးလျသွားစဉ်က၀ယ်လာခဲ့သော စတီးလ်မလွေဖြစ်သည်) ကိုထုတ်ကာအသံစမ်းသည်။ ပြီးတော့ ဟိုလူ့ကို “ဒီအတိုင်းပဲတီးနော်…”ဟုဆိုကာ တေးသွား တစ်ခုကိုမှုတ်သည်။ ဘာတေးသွားမှန်း ကျွန်တော်မသိပါ။ စဉ့်အိုးဗုံသံနှင့် အလွန်လိုက် ဖက်၍ နားထောင်ကောင်းတာပဲသိပါသည်။

တဖြည်းဖြည်းလူတွေအုံကာလာသည်။ ဟိုလူကလည်းအားတက်ကာသူပြထားသည့် အတိုင်းတီးသည်။ သူက မျက်စေ့ကိုမှိတ် ခေါင်းကိုမော့ကာ သူ့တေးသွားထဲမှာသာရှိသည်။ ကြည့်သည့်ပရိသတ်ကလည်း ငြိမ်ကာနေ၏။ ထူးအိမ်သင် ဟုတ်တယ်…မဟုတ်ဘူး။ ငြင်းကြသူတွေသာ ရှိသည်။ ဆယ်မိနစ်လောက်မှုတ်ပြီးတော့ သူ တေးသွားကိုချလိုက်သည်။ ငြိမ်နေသည့်ပရိသတ်က လက်ခုပ်တီးကြသည်။ သူက ပလွေကို အိတ်ထဲပြန်ထည့်သည်။
စဉ့်အိုးတီးသူကိုငွေတစ်ထောင်ထုတ်ကာပေး၏။ ပရိသတ်က ကိုငှက်ကြီးနောက်တစ်ပုဒ် လုပ်ပါဦး နောက်တစ်ပုဒ်ဟု ဆိုကြသည်။ အော်ကြသည်။ သို့သော် သူဘာမှမပြော ပရိသတ်ထဲကတိုးထွက်ကာ ကားရှိရာသို့သာလျှောက်သွားသည်။

ကားမောင်းလာတော့ သူနှင့်ကျွန်တော် ဘာမှမပြောဖြစ်ကြ၊ ပြောစရာလည်းမရှိဟု ထင်ပါသည်။ ခဏကြာတော့မှ ကားမောင်းရင်း သူကပြောသည်။ “ကျွန်တော်တို့ဆီမှာက လမ်းဘေးမှာတီးရင် တောင်းတယ်လို့ပဲ ထင်နေကြတာ..အေး လေ…တောင်းလည်းတောင်းနေကြတာကိုး၊ သူတို့(အမေရိကကို ညွန်းဟန်တူပါသည်)ဆီမှာ က တီးပြတာဗျ၊ သူတတ်တာကို သူတီးပြနေတာ၊ တချို့ဆို တော်တော်ကောင်းတယ်” ကျွန်တော် ဘာမှပြန်မပြောမိပါ။ ကျွန်တော့်အတွက်တော့ ပထမဦးဆုံးအတွေ့အကြုံ ဖြစ်သည်။ ကျွန်တော် သူ့ကို အံ့သြချင်နေသည်။ သို့သော် အံ့သြ၍မရပါ။ သူသည် ဒီလိုပဲ သူ လုပ်ချင်တာကို လုပ်တတ်သော လူတစ်ယောက်ဖြစ်ကြောင်း ကျွန်တော်သိထား၍ဖြစ်သည်။

ကားတိုက်ခြင်း
မှတ်မှတ်ရရ ထိုနေ့က အင်တာဗျူးဂျာနယ်တွင် အယ်ဒီတာလုပ်နေသော ကိုကြွက်နီ (သိမ်းတင်သား)က ကျွန်တော့်ကို ဖုန်း လှမ်းဆက်ကာခေါ်သည်။ သူ့ဂျာနယ်မှာ စာရေးပေး ဖို့ဖြစ်၏။ ပြဿနာကကိုကြွက်နီနှင့် ဒါရိုက်တာမိုက်တီးကစသောပြဿနာဖြစ်သည်။ ကိုကြွက် နီက ဒါရိုက်တာမိုက်တီးထံမှ စာမူတောင်းသည်။ ရေးချင်တာရေးဟု ဆို၏။ ကိုမိုက်က ရေးပေးမယ်ဟု ကတိပေးကာ အနားကျမှသူရေးရမည့် အကြောင်းအရာကို ဆုံးဖြတ်၍ မရဘဲဖြစ်ကာ ထိုစာမူကွက်လပ်နေရာကို ကျွန်တော့်အားရေးပေးရန်ပြောသည်။ ကိုကြွက် ကိုလည်း ကျွန်တော် ရေးပေးလိမ့်မယ်ဟု ပြောထားပုံရသည်။ ကိုကြွက်ကဖုန်းထဲမှ……

“ဟေ့လူ မလာလို့မရဘူး၊ အဲဒီနေရာက စာမူကွက်လပ်ကြီး၊ ပြီးတော့ ရှေ့ဆုံးမှာ သုံး ကော်လံနဲ့တစ်ဝက် ရေးပြီးသားစာမူရှိရင်ယူလာခဲ့”
“ဟာ…ရေးပြီးသားဘယ်ရှိမလဲ”
“မရှိရင်ဒီကိုလာခဲ့၊ တိုက်မှာလာရေး ညနေအမီ ရုံးတင်ရမှာ ဒီမှာ ဘိုးတော်လည်း ရောက်နေတယ်…လာခဲ့”
ဘိုးတော်ဆိုသည်မှာ ကိုကြွက်နီက ကိုငှက်ကိုခေါ်သောနာမည်ဖြစ်သည်။
“ဟေ့လူ…ကိုရဲဝင်း ကျွန်တော်ရောက်နေတယ် လာခဲ့လေဗျာ၊ ဒီကရင့်ကိစ္စကို လာရှင်းပေးလိုက်ဦး နာငြီးတာနဲ့ ကျုပ်ဒီကောင့်ကိုထိုးချင်လာပြီ”
ကိုကြွက်နှင့်သူက ငယ်သူငယ်ချင်းတွေမို့ တစ်ယောက်နှင့်တစ်ယောက် ဒီလိုပဲပြော သည်။ ဆဲနေ ဆိုနေကျလူတွေဖြစ်သည်။
“OK…ကျွန်တော်လာခဲ့မယ်”
ကားပေါ်မှာရေးစရာအကြောင်းတွေကိုစဉ်းစားလာရ၏။ ကျွန်တော့်ကို ကိုမိုက်ကလိုက် ပို့ပါသည်။ ကျွန်တော့်ဘ၀တွင်လည်း တိုက်မှာထိုင်ပြီး ပထမဦးဆုံး ရေးဖူးသော စာမူတစ်ပုဒ်ဖြစ် သည်။ ကိုကြွက်ကလည်း Red Label အသေးကလေးတစ်လုံးနှင့် ဧည့်ခံရှာပါသည်။ သူက သောက်ရင်း ကျွန်တော့်ကိုလှမ်းပြောသည်။
“စာရေးဆရာသိက္ခာကျတာပေါ့ဗျာ၊ တိုက်လိုက်ရေးရတယ်လို့…ကျုပ်ဆို ဘယ်တော့မှ မရေးဘူး၊ ခင်ဗျားမို့ရေးတာ…”
“ဟာ…ဘိုးတော်ရာ မလုပ်ပါနဲ့၊ ရေးရေး ကိုယ့်ဆရာရေး ကော်လံဝင်အောင်ရေးနော်၊ ပြီးတာနဲ့ စာတန်းစီပြီး စိစစ်ရေးပြေးရမှာ…”
ကျွန်တော် ကိုကြွက်နီဒုက္ခကို ဖြေရှင်းပေးလိုက်သည်။ စာဖောင်ကွက်တိဝင်ပါသည်။ ပြီးတော့ သူနှင့်ကျွန်တော် ထွက်ကြသည်။ ထုံးစံအတိုင်း ဘယ်မှန်းမသိ။ နောက်ဆုံးတော့ ထုံးစံအတိုင်းပင် OASIS ရောက်သွားကြသည်။ OASIS မှာ စကားပြောကြရင်း သီချင်းသွင်း တာကြည့်ကြရင်း ည ၈ နာရီကျော်တော့ ပြန်ကြသည်။ အိမ်ကိုတော့မဟုတ် Mr Guitar ကို ဖြစ်သည်။

သူ အဲဒီနေ့က OASIS မှာ စိတ်တိုစရာတစ်ခု ကြုံလာဟန်တူပါသည်။ ကားကိုတအား မောင်းလာ၏။ သူက ကိုယ့်ကိုကိုယ် ယုံကြည်သူဖြစ်သဖြင့် ကားမောင်းကြမ်းပါသည်။ သူ့ ကားကိုစီးရဲသူ တော်တော်ရှားသည်ဟု နောက်မှကျွန်တော်သိရသည်။ လှည်းတန်းမီးပွိုင့်ရောက်တော့ ဖြတ်အထွက်မှာ ဘယ်ကဘယ်လိုဖြစ်သည် မသိလိုက် ကျွန်တော်တို့ကားမှာ နိုင်ငံခြားရုပ်ရှင်တွေထဲကအတိုင်း ချာလပတ်လည်ကာ လွင့်ထွက်သွားသည်။ ထိုစက္ကန့်ပိုင်းတွင် ဘာဖြစ်မှန်း ကျွန်တော်သေသေချာချာမသိလိုက်ပါ။

အော်သံ ဟစ်သံတွေတော့ ကြားလိုက်ရသည်။ ဘယ်နှစ်ပတ်လည်သွားသည်မသိ ကားက လမ်းဘေးပလက်ဖောင်းအစပ်မှာ ထိုးရပ်ကာသွားသည်။ တိုက်သည့်ဘက်က ကျွန်တော်ထိုင်သော ဘယ်ဘက်အခြမ်းဖြစ်သည်။ ဘယ်မှန် ကြေမွထွက်သွား၏။ ကားနံဘေးမှာ အစင်းရာကြီးဖြစ်သွားသည်။ ထိုကိစ္စတွေက ပြီးမှသိ သောကိစ္စဖြစ်သည်။

ကျွန်တော်တို့ကား ထိုးရပ်သွားသွားခြင်း တိုက်လိုက်သည့်ဟိုဘက်ကားမှ လူအုပ်စု က ဒုတ်တွေ၊ ဓားတွေကိုင်ကာ ပြေးချလာသည်။ သူကလည်း ဘေ့စ်ဘောရိုက်တံကို ကားထဲမှယူကာ ထွက်သည်။
“ဟေ့လူ…ကိုရဲဝင်း ခင်ဗျားပြေးတော့” ဟုသူကအော်သည်။ သို့သော်ကျွန်တော်ပြေး ၍မရ၊ ကားတံခါးဖွင့်၍မရတော့။ ဟိုဘက်က ပြေးလာသူလေးယောက်က ကားနားရောက် တော့ ရပ်ကာသွားသည်။
“ဟာ…ကိုငှက်ကြီးကွ…ခဏနေဦး” တစ်ယောက်ကအော်သည်။
တော်တော်စိတ်ဆိုးနေသော လူတစ်ယောက်ကို သူတို့အချင်းချင်း ၀ိုင်းထိန်းလိုက်ကြ ၏။ ထိုလူငယ်တွေက အသက်အစိတ်ပတ်ဝန်းကျင်ပင် ရှိဦးမည်ထင်သည်။ ပထမအော်သောလူက ဒုတ်ကို ပခုံးပေါ်တင်ကာ “ဘယ်လိုဖြစ်တာလဲ ကိုငှက်ရာ..ကံကောင်းလို့…” ဟုပြောပြီး လက်ကိုဆန့်တန်းပေးသည်။ အပြန်အလှန် နှုတ်ဆက်ကြ၏။
ဝိုင်းကြည့်နေသောလူတွေက ရန်ပွဲအစားမိတ်ဆက်ပွဲကိုတွေ့တော့ တစ်မျိုးဖြစ်သွားကြဟန်တူ၏။ ကားတွေကိုစစ်ဆေးကြည့်တော့ သူ့ကားတံခါးမှနောက်နားအထိအစင်းကြောင်းကြီး ထင်သွားသည်။ ဘက်မှန်ကွဲကာကျိုးသွားသည်။ ဟိုဘက်ကားရှေ့မီးလုံး ကွဲသွား၏။ “ကဲ ဖြစ်ပြီးတာတွေထားလိုက်တော့ကိုငှက်ရာ ကျွန်တော်တို့ကကိုငှက်ပရိသတ်ပါ ကိုငှက်နဲ့စကားရေရေလည်လည်ပြောချင်တယ်ဗျာ..ဆိုင်တစ်ဆိုင်သွားကြရအောင် ကိုငှက် ဘယ်ဆိုင်သွားမလဲ”
“ရပါတယ်…ဘယ်ဆိုင်ဖြစ်ဖြစ်ပါ၊ မိန်းခလေးတွေသီချင်းမဆိုတဲ့ဆိုင်ဆို ပြီးတာပဲ၊ ရပါတယ်”
“ဒါဆို ကျွန်တော်တို့ကားနောက်ကလိုက်ခဲ့ ကိုငှက်ရာ…နော်…”
ဒီလိုနှင့် ကျွန်တော်တို့ EUGENIA ဆိုင်ကို ရောက်သွားသည်။ ကားပေါ်မှာ သူက ကျွန်တော့်ကိုကြည့်ကာ “ကျုပ်က ဆော်ရတော့မယ်ထင်တာ…ခင်ဗျားပါတော့ လွဲတာပဲဗျ”ဟုဆိုသည်။ ဆိုင်ရောက်တော့မိတ်ဆက်ကြသည်။ သူတို့ကလည်း Hand Phoneကိုယ်စီနဲ့ဆို တော့ ခေသူများတော့ ဟုတ်ဟန်မတူ။ မိတ်ဆက်ရင်းကျွန်တော့်ကိုနီကိုရဲမှန်းသိသွားတော့ ခုနကထိန်းမရသူကမှုန်တေတေ လုပ်နေရာက ၀မ်းသာသွားပုံရ၏။ မကြည်ပြာရေးတဲ့ နီကိုရဲလားဟု မေးကာ ကျွန်တော့်ကို သူသိချင်တာတွေမေးသည်။ ခဏကြာတော့ အားလုံးရယ်ရယ်မောမောဖြစ်ကာသွား၏။ ကျန်သုံးယောက်က ကိုငှက်သီချင်းတွေအကြောင်းမေးသည်။

သူက ဖြေသင့်သည့်စကားကို အလေးအနက်ထားကာဖြေသည်။ သူမဖြေချင်သည့် စကားကို ဖြတ်ချပစ်သည်။ သူ့ဝတီအတိုင်းပင် လိုက်လိုက်ရောရောပြောချင်းမရှိ။ ထိုသို့ပြော သည်ကိုပင် ဟိုကောင်တွေက သဘောကျကြသည်။ အရက် ၂ ပုလင်းပြောင်တော့ ဟိုကောင်တွေကတကယ့်မိတ်ဆွေရင်းတွေလို ဖြစ်သွားသည်။ သူတို့ ဖုန်း နံပါတ်တွေပေးသည်။ ကျွန်တော် တို့ဖုန်းနံပါတ်တွေတောင်းသည်။ ပြီးတော့စားသောက်သမျှကိုသူတို့ကအတင်းရှင်းသည်။ ကားတိုက်သည့်ကိစ္စကို ပြန်ပြောတော့ ရယ်စရာတစ်ခုလိုဖြစ်နေပြီ။
“မှားတာကကိုငှက်မှားတာဗျ၊ ကျွန်တော်တို့ကလမ်းအမှန်ကမောင်းတာ ကိုငှက်ကဇွတ်ဝင်လာတာကိုး”
“မသိဘူးဗျာ ကျုပ်လည်း မောင်းတတ်သလိုမောင်းလိုက်တာပဲ”
ကားအသီးသီးပေါ်တက်ပြီးတော့ သူ့ကို ဟိုဘက်ကားကလူတွေက လှမ်းအော်ကြသည်။
“ကိုငှက် သတိထားပြီးမောင်းဦးနော်၊ Take it easy…Take it easy”
“OK…I’m fine” ဟု သူကပြန်အော်ကာ ကားကို ဝေါခနဲဘက်ဆုတ်ပြီး၊ ၀ူးခနဲမောင်းထွက်ခဲ့သည်။
“ကျွန်တော် ကားမောင်းရင် စီးရဲတဲ့သူ သိပ်မရှိဘူးဗျ၊ ဘိုဖြူဆို သိပ်ကြောက်တာ၊ ကျွန်တော်မောင်းနေရင် ရှေ့ကခုံကို လက်ကိုင်ပြီး မျက်လုံးကိုပြူးလို့၊ ချွေးတွေပျံလို့ လှည့် ကြည့်တော့ဘာမှမဖြစ်သလို လေချွန်ပြတာ၊ ဖြစ်နိုင်ရင် သူ ကျွန်တော့်ကားကို စီးခဲတယ်”
ကျွန်တော် ဘာမှပြန်မပြောတော့ သူက “အခုမှ ကြောက်နေတာလား၊ဖြစ်ရင် ခင်ဗျား ဘက်ကဖြစ်မှာ သွားမှာပဲ”
“ကျွန်တော် အဲဒါကိုမစဉ်းစားပါဘူး၊ အနုပညာသမားမှာ မတောင်းပဲရတဲ့ဆိုတွေရှိတယ် ဆိုတာ ကျွန်တော်စဉ်းစားနေတာ”
သူက ခပ်တိုးတိုးရယ်သည်။
“အမေ့ကို ကျေးဇူးတင်ရမှာဗျ၊ ကျုပ်ရုပ်ကြီးကို တစ်ခါမြင်တာနဲ့မှတ်မိအောင် မွေးပေးခဲ့တာကိုးဗျ…ဟား…ဟား…ဟား”
သူသည် ဘာမှမဖြစ်တော့သည့်နှယ်ကားကိုလွတ်လွတ်လပ်လပ်မောင်းနေလေသည်။ ထိုနေ့က Mr Guitar ကို သွားကြသည်။ ဟိုရောက်တော့ကားတိုက်သည့်ကိစ္စကို သူဘာမှ မပြောတော့ စတိတ်ခုံဘေးက သီချင်းဆိုတဲ့ကောင်မလေးတွေထိုင်သည့်ခုံမှာ ဘီယာထပ် သောက်ကြရင်း သူ့အိတ်ထဲက ဘာဂျာကိုထုတ်ကာ တေးသွားကိုလိုက်မှုတ်နေလေသည်။

( နီကိုရဲ )

Music crazy Te Te Tar Tar

LEAVE A REPLY

Please enter your comment!
Please enter your name here