Home စာစုလေးများ ကျွန်တော်နဲ့ နီကိုရဲ အလွဲများ

ကျွန်တော်နဲ့ နီကိုရဲ အလွဲများ

234
0

(မုန့်လက်ညိုး)

ခုနှစ်နဲ့ ရက်လကို အတိအကျ မသိတော့ပေမယ့် သေချာတာတစ်ခုက အဲ့နေက မိုးတွေ တစိမ့်စိမ့် ရွာနေတယ်။ အပေါ်ထပ်မျာ အဖေတို့ ဟန်သစ်မဂ္ဂဇင်းဖောင်ပိတ်ရက်မို့ အလုပ်တွေ ရှုပ်နေတဲ့ ကြားထဲမှာ ကျွန်တော်သွား ပြီး ပန်းချီသွားထိုင်ဆွဲတော့ အဖေက ကျွန်တော့်ကို မောင်းထုတ်တယ်။ အလုပ်တွေရှုပ်နေတယ်။ ဝေးဝေး သွားဆော့နေလို့ပြောပြီး ကျွန်တော့်လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်နဲ့ခဲတံကိုကြည့်ပြီး ဘာလုပ်မလို့လဲမေးတော့။ ကျွန်တော့်က ပန်းချီဆွဲမလို့ဆိုတော့ အဲဒါဆိုငြိမ်ငြိမ်ဆွဲလို့ပြောပြီး သူ့ အလုပ်သူပြန်ဆက်လုပ်နေတယ်။ ကျွန်တော့်လည်း အဖေ့ကိုတစ်ချက်ကြည့်လိုက်တော့ စာရွက်တွေပေါ်မှာ ပုံတွေလှီးပြီး ကပ်နေတယ်။ ဘာလုပ်နေတာလဲလို့ သွားမေးရင်လည်း ကျွန်တော့် ကို အော်ထုတ်မှာဆိုးလို့ မမေးတော့ဘဲ ကိုယ့်ဘာသာကိုယ် ပန်းချီထိုင်ဆွဲနေလိုက်တယ်။

တစ်နာရီကျော်ကျော်လောက်တော့ ကြာတော့ အိမ်အောက်ကနေ ဆရာ တင်ကိုအောင်တို့ အိမ် လားမသိဘူးဆိုတဲ့ အော်သံကြားလိုက်တယ်။ ခဏနေတော့ ခေါင်းကလုံးလုံးချွန်ချွန် အရပ်က ပုပုနဲ့ကျွန်တော့်တို့ အပေါ်ထပ်ကို တက်လာတယ်။ ကျွန်တော်တစ်ချက်လှမ်းကြည့်လိုက်တော့ သူက ကျွန်တော့်ကို ရယ်ပြတယ်။ သူရယ်ပြတော့ ပါးစပ်ကတော်တော်ပြဲတယ် သွားတွေရော လျှာတွေပါ အဖွေးသား မြင်လိုက်ရတယ်။ သူရယ်ပြပေမယ့် ကျွန်တော့်ကတော့ ခေါင်းပြန်ငုံ့ပြီး ပန်းချီပြန်ဆွဲနေလိုက်တယ်။ ကျွန်တော့်အနားရောက်လာပြီး ခေါင်းကိုအသာပွတ်လိုက်တယ်။ ကျွန်တော်လည်း နည်းနည်းတော့ တင်းသွားတယ် ပန်းချီဆွဲရတာ အာရုံမရလို့ အဖေ့နားသွားဆွဲနေကာမှ ဒင်းက အာရုံ ရှုပ်အာင်လာလုပ်တယ်။ ပန်းချီမဆွဲတော့ပဲ သူ့ကို ထိုင်ကြည့်နေလိုက်တယ်။

အသံကတော့ ကြည်ကြည်လင်လင်နဲ့ သြောသြောပါပဲ။ သူ့ခေါင်းကိုတော့ ကျွန်တော် ဘ၀င် သိပ်မကျဘူး။ သူ့တစ်ကိုယ်လုံးကို ကြည့်နေရင်းနဲ့ သူ့ရဲ့လက်ချောင်းနဲ့ ခြေချောင်းက ကျွန်တော် ကြိုက်တဲ့ မုန့်နဲ့ တစ်ပုံစံတည်းပဲ။ ကျွန်တော် သူ့အနားကပ်သွားပြီး သူ့လက်ကို ကိုင် ကြည့် လိုက်တော့ အဖေနဲ့ စကားပြောနေတာရပ်ပြီး ကျွန်တော့်ဘက်လှည့်ကြည့်တယ်။ ကျွန်တော်က ဦး နေဦးဆိုပြီး အောက်ထပ်ကို အပြေးဆင်းသွားတော့ သူကြောင်ကြည့်နေတယ်။ ပြီးတော့ ကျွန်တော့်အထုပ်တစ်ထုပ်ကိုင်ပြီး ပြန်တက်လာတော့ သူနားမလည်နိုင်တဲ့ အကြည့်နဲ့ ကြည့်နေ တယ်။ ကျွန်တော်က အထုပ်ထဲက မုန့်တစ်ခုကို ထုပ်ပြီး သူ့လက်ညိုးနဲ့ တိုင်းကြည့်လိုက်တယ်။

ပြီးတော့ သူ့ကို ဒီမုန့်က ဦးတို့လုပ်တာလားဆိုတော့။ ကျွန်တော့်ကို ရယ်ပြီး ဘာလို့လဲမေးတော့ ဦးရဲ့လက်ညိုးနဲ့ တစ်ပုံစံတည်းပဲဆိုတော့ ခွက်ခွက်လန်အောင် ရယ်တော့တာပဲ။ ပြီးတော့ အဲ့ဒါဘာမုန့်လဲလို့ သူကမေးတယ်။ ကျွန်တော်က မသိဘူးလို့ဆိုတော့ မှတ်ထား အဲ့ဒါမုန့်လက်ညိုးတဲ့။ သူက ပြောသေးတယ်။ မင်းကိုသဘောကျသွားပြီ။ ကလေးတစ်ယောက်က ငါ့ကိုဒီလိုရယ်အောင် လုပ်တာ မင်းတစ်ယောက်ပဲ ရှိသေးတယ်လို့ ပြောပြီး ကျွန်တော့်ကို တပည့်ကျော်ပဲလှော်ဆိုပြီး နာမည်ပေးသွားတယ်။ ကျွန်တော့်ကိုအဲ့လိုနာမည်ပေးသွားတဲ့ ပုဂ္ဂိုလ်က

ဒီလောကကြီးမှာ မရှိတော့တဲ့ နာမည်ကျော် ဟာသစာရေးဆရာ နီကိုရဲခေါ် ဦးရဲဝင်းခေါ် မုန့် လက်ညိုးကြီးဆိုတဲ့ တစ်ယောက်ပါပဲ။
………………..

(ကျွန်တော့်ရဲ့ ဂျိုကာ)

ဦးရဲဝင်း (နီကိုရဲ) ရဲ့ လက်ချောင်းတွေက ကျွန်တော်ကြိုက်တဲ့ မုန့်လက်ညိုးလိုပဲ။ ထိပ်ပိုင်းက လုံးလုံးပွပွနဲ့ အောက်ပိုင်းတွေက ပိန်ပိန်လေးဖြစ်သွားတယ်။ မုန့်လက်ညိုးလဲ အဲ့အတိုင်းပဲ။ ကျွန်တော့် စိတ်ထဲမှာ သူ့ကို မုန့်လက်ညိုးကြီးလို့ နာမည်ပေးထားလိုက်တယ်။ သူ ကျွန်တော်တို့အိမ်ကို တစ်ပတ် သုံးခါလောက်လာ တယ်။ လာတိုင်းလဲ ကျွန်တော်ကြိုက်တဲ့ မုန့်လက်ညိုးကို တစ်ခါတလေ၀ယ်ဝယ်လာတတ်တယ်။ ပြီးတော့ ဟာသလည်းအမြဲပြောပြောပြတယ်။ သူဟာသပြောတဲ့ အခါတိုင်း ရုပ်တည်တည်ကြီးနဲ့ ကျွန်တော်တို့မှာတော့ အူတက်အောင်အသေရီရတာ။

သူကတော့ တချက်မှ မရီဘူး။ သူလွဲခဲ့တဲ့ အဖြစ်အပျက်လေးတွေက ကျွန်တော်တို့ အူတက်အောင် ရီရတဲ့ ဟာသတစ်ပုဒ်ဖြစ်နေတတ်တယ်။

အဲ့အချိန်တုန်းက သူ နီကိုရဲလို့ မဖြစ်လာသေးဘူး။ သူ့ရဲ့ ၀တ္ထုလေးပါချင်လို့ အိမ်ကို အမြဲလာနေရတာ။ အရက်ဆိုင်မှာ သူ့ရည်းစားအကြောင်းကို ပြောပြရင်းနဲ့ ရီရလို့ အဖေက မင်းအဲ့အကြောင်းကို ၀တ္ထုရေးကွာလို့ ပြောလို့ ရေးလိုက်တာ မှာ ပေါက်သွားပြီး နီကိုရဲရယ်လို့ ဖြစ်လာခဲ့တာ။ တချို့ စာရေးဆရာ

တွေ ပြောတာကတော့ နီကိုရဲကို ဖျက်ဆီးတာ ကျွန်တော့်အဖေပါတဲ့။ အစက နီကိုရဲ အရက်မသောက်တတ်ဘူး မင်းအဖေသင်ပေးလို့ အရက်သောက်တတ် သွားတာတဲ့။ ကျွန်တော့်အဖေ့ကိုမေးကြည့်တော့ တစ်ရက် ဦးခင်ဇော်ရယ်၊ ကျွန်တော့်အဖေရယ်၊ သူရယ် အ၀ိုင်းထိပ်ကအရက်ဆိုင်ကို သွားသောက်တော့ သူကအရက်မသောက်ဘူး။ အမြည်းလိုက်စားတာ အဖေတို့ အရက်တစ်ခွက်မကုန်သေးဘူး အမြည်းတွေကုန်သွားလို့ အဖေက ဆဲပါလေရော။ ဆဲတယ်ဆိုတာကလည်း ဒီလိုပါ။ မင်းအရက်မသောက်ရင် အမြည်းမစားနဲ့ အရက်သောက်မှ အမြည်းစားဆိုတော့ ရပ် သွားတယ်။ အဲ့လိုသူ့ကို ပြောလိမ့်မယ်လို့လဲမထင်ထားဘူးဆိုတော့ ကြောင်သွားတယ်။

ညစာကလည်းမစားရသေးဘူးဆိုတော့ ဗိုက်ကလည်းဆာနေတယ်။ ဆက်လည်းမစား ရဲတော့ဘူး။ နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ ဗိုက်ကလည်းဆာဆာနဲ့ဆိုတော့ အရက်သောက်မယ်ဗျာ။ အမြည်းတော့ စားပါရစေဆိုပြီးတော့ နောက်မှာထားတဲ့ အမြည်းနဲ့ အရက်တစ်ခွက် စမော့ပါလေရော။ အဲ့ကနေ နောက်ဆုံး အရက် သမား ဖြစ်သွားတဲ့အထိပါပဲ။ ထားလိုက်ပါတော့ ဒါသူအရက်သမားဖြစ်သွားတဲ့ အကြောင်းကို ကြုံတုန်းပြောပြတာပါ။

သူရဲ့ဟာသဥာဏ်ကတော့ သူမတူပါဘဲ။ တစ်ခါကလည်း သူ့အိမ်ရှိရာ သင်္ဃန်းကျွန်းကို မိသားစုလိုက် သွားလည်ကြတယ်။ ဧည့်ခန်းထဲမှာ ထိုင်ကြ၊ ဘာ

သောက်မလဲပေါ့ အဖေက ရပါတယ် ဘာမှ မလုပ်ပါနဲ့ဆိုတော့ အာ မဟုတ်တာ ကော်ဖီနဲ့ မုန့်နဲ့ကျွေးမယ်ဆိုပြီး အိမ်ခန်းထဲဝင်သွားတယ်။ နည်းနည်းကြာ

တော့ ပြန်ထွက်လာတယ်။ ကျွန်တော့်တို့ သူ့ကို ငှဲ့ကြည့်တော့ လက်ထဲမှာ ဘာမှ ပါမလာဘူး။ သူအိမ်ခန်းထဲကို ပြန်ဝင်သွားတယ်။ နည်းနည်းကြာတော့ ပြန်ထွက် လာတယ်။ လက်ထဲမှာ ဘာမှ မပါလာဘူး။ အဲ့ဒါနဲ့အဖေက ဘာမှ မလုပ်နဲ့တော့ အပြင် မှာ လက်ဖက်ရည်သွားသောက်ကြမယ်ဆိုတော့မှ။ ကောင်းတယ် ကျွန်တော့် မုန့်ကလည်း မနက်က စားလိုက်လို့ နည်းနည်းပဲကျန်တော့တယ်ဆိုပြီး မုန့်ထုပ်ကို ထုပ်ပြတယ်။ တကယ်နည်းနည်းဆိုမှ နည်းနည်းပဲ အကြေတွေပဲရှိတော့တယ်။ ပြီးတော့ သူက ကော်ဖီထုပ်ကတော့ ရှိတယ်။ ခွက်ကတော့ ကျွန်တော့်ခွက်တစ်ခွက်ပဲရှိလို့ အဲ့ဒါဆရာဆူမှာစိုးလို့ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်း မသိလို့ အတော်ပဲ။ လာ လက်ဖက်ရည်ဆိုင်သွားရအောင် ကျွန်တော်တိုက်မယ်ဆိုပြီးပြောတော့ ကျွန်တော်တို့တွေ ရီလိုက်ကြရတာ။ အဖေက မင်းကွာစောစောတော့ မပြောဘူးဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့။ ဒီလိုနဲ့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ကို ချီတက်လာခဲ့ကြတယ်။ လက်ဖက်ရည်သောက်၊ မုန့်တွေစားနဲ့ ကျွန်တော်လည်း အိပ်ချင်လာတယ်။ အဖေတို့ ပြန်ရအောင် ဆိုတော့ အေးအေး ပြန်မယ်ဆိုပြီး ရှင်းဖို့ လုပ်ကြတော့ နီကိုရဲက ဟိုစမ်းဒီစမ်းနဲ့ တစ်ကိုယ်လုံးနှံ့နေအောင်စမ်းပြီး ကျွန်တော့်အဖေ့ဘက်ကို စပ်ဖြဲဖြဲနဲ့ လည့်ကြည့်တယ်။ အဖေက မင်းပိုက်ဆံမပါလာဘူးမဟုတ်လား ဆိုတော့။ အင်းတဲ့။ ထင်တော့ထင်သားပဲဆိုပြီး အဖေပဲ ပိုက်ဆံရှင်းလိုက်ရတယ်။ ကျွန်တော်တို့တွေလည်း ရီလိုက်ကြရတာပေါ့။ အဲ့လိုမျိုး ကျွန်တောနဲ့ သူနဲ့တွေ့လိုက်တိုင်း အမြဲရီစရာကောင်းအောင် လုပ်တတ်တယ်။ သူဟာ ကျွန်တော့်ရဲ့ ဂျိုကာပါပဲ။
………………………

(သူဘ၀ရဲ့ အလွဲတကာ့အလွဲဆုံး)

နီကိုရဲက ဘ၀မှာ အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအလွဲတွေက သူဘ၀ကို ထိခိုက်တာမျိုး မရှိခဲ့ဘူး။ သူ့အလွဲတွေထဲမှာ တစ်ခါပဲ သူ့ဘ၀ကို အကြီးမားဆုံး ထိခိုက်ခဲ့စေခဲ့တာ ရှိတယ်။ ကျွန်တော် တက္ကသိုလ်ရောက်တဲ့အချိန်မှာ သူ အရက်သမားလုံးလုံးဖြစ်နေပါပြီ။ အိမ်ကိုလည်း အလာကျဲသွားခဲ့တယ်။ သူမဆုံးခင် ကျွန်တော်တို့ အိမ်ကို နှစ်ခေါက်ပဲ ရောက်လာခဲ့တယ်။ ပထမတစ်ခေါက်က သူ့သားမွေးနေ့ပွဲ လာဖိတ်တာ။ ဒုတိယတစ်ခေါက်ကတော့ ဆိုက်ကားနဲ့ ရောက်လာတယ်။ အိမ်မှာတောင် ကြာကြာမနေလိုက်ပါဘူး။ တပည့်ကျော် ပဲလှော်လို့ တစ်ခွန်းပဲ နှုတ်ဆက်စကားဆိုသွားခဲ့တယ်။ ပြီးတော့ ကျွန်တော့်အဖေကိုခေါ်ပြီး အရက်ဆိုင်ဘက်ကို ထွက်သွားခဲ့တယ်။ အဲ့ဒီနေ့ညက အဖေပြန်လာတော့ မျက်နှာသိပ်မကောင်းဘူး။ ကျွန်တော်မေးမလို့ လုပ်ပေမယ့် မမေး

တော့ပဲ အိပ်လိုက်တော့တယ်။ ဒါပေမယ့် တစ်ခုခုတော့ ရှိတယ်ဆိုတာ ကျွန်တော် သိ လိုက်တယ်။ ပြောရဦးမယ်။ ကြောင်နှစ်ကောင်မောင်မျိုးနဲ့ သူ သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ကြတယ်။ သူရဲ့သဘောတူညီချက်ထဲမှာ“ထုတ်ဝေသ

ူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့ အချက်တစ်ချက်ပါလာခဲ့တယ်။ အဲ့တုန်းက ကျွန်တော့်အဖေဆီလာပြီးတော့ အစ်ကို ကျွန်တော့်ကို စာအုပ်ထုတ်ပေးပါဗျာဆိုပြီးတော့ လာပြောတယ်။ အဲ့ဒါနဲ့အဖေကလည်း သူထုတ်မယ်ဆိုပြီးတော့ ထုတ်ပေးတယ်။ စာအုပ်နာမည်က ကြည်ပြာရောင် နဂ္ဂတစ်များ (၂) ဆိုပြီး စာချစ်သူစာပေရဲ့ ပထမဦးဆုံးလုံးချင်းဝတ္ထုကို ထုတ်လိုက် တယ်။ အဲ့မှာ ပြဿနာတက်ကြတယ်။ ကြောင်နှစ်ကောင်မောင်မျိုးက စာပေစိစစ်ရေး မှာ သူရဲ့ကလောင်ကို ပိတ်ထားတယ် သူနဲ့စာချုပ်မပြည့်မချင်း တခြားမှာ ထုတ်ဝေ

ခြင်းမပြုရဘူးဆိုပြီး တရားစွဲပါလေရော။ နောက်ဆုံးတော့ ကြောင်နှစ်ကောင်

မောင်မျိုး နိုင်သွားတယ်။ အဲ့ဒီစာအုပ်တွေအကုန်လုံး ပြန်သိမ်းလိုက်ရတယ်။ သူ့နဲ့ ကြောင်နှစ်ကောင် မောင်မျိုးတို့ စာချုပ်ချုပ်ခဲ့တဲ့ အကြောင်းအရာကို သူက ပေါ့ပ်ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာတစ်ဦးနဲ့ အင်တာဗျူးလုပ်ခဲ့တယ်။
မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။

ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။

[စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း]

စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း

ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။

လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။

သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။

စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။

ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။

ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။

စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။

ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။

ဥပမာ – စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။

အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။

သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။

“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။

စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။

နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။

အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။

စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။

ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။

အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။

ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။

ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။

စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။

ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။ ။အဲ့ဒါကတော့ သူ့ဘ၀ရဲ့ အလွဲတွေထဲက အကြီးမားဆုံးအလွဲတစ်ခုပါပဲ။

နီတာရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here