Home နိုင်ငံရေး အမေစုအားစိုက်မှုနဲ့ ဒီချုပ်ရဲ့ ရုံးအသစ်ကြီး

အမေစုအားစိုက်မှုနဲ့ ဒီချုပ်ရဲ့ ရုံးအသစ်ကြီး

157
0

ခွပ်ဒေါင်းအလံလွှင့်ထူထားသော နှစ်ထပ်တိုက်အိမ်လေး၏ အကျယ်ပေသုံးဆယ်ရှိသည့် အဆောက်အဦးအတွင်းသို့ ဒီမိုကရေစီအရေးကို လိုလားသူများ က သွားလာလှုပ်ရှားခဲ့ကြသည်။
နှစ်ပေါင်း၂၀ကျော်ကြာ ဒီမိုကရေစီအရေးလှုပ်ရှားခဲ့သော ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ် အဆောက်အဦးဖြစ်ပါသည်။လာရောက်သော ပါတီဝင် အရေအတွက် နှင့် ရုံးချုပ် စတုရန်း ဧရိယာက မျှတမှုမရှိပါ။ ယခုနေရာသည် NLD ၏ သမိုင်းဟု ပြော၍လည်းရသည်။ မြန်မာ့ပြည်သူများလိုလားသော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒိမိုကရေစီအရေးအတွက် စတည်းချရာ ဘူမိနက်သန်နေရာမှန် လည်းဖြစ်နေပါသည်။ နိုဝင်ဘာ ၁၁ရက်က ထိုအဆောက်အဦးနေရာတွင် ခေတ်မှီအဆောက်အဦးတစ်လုံးဖြင့် အစားထိုးရန်အတွက် စတင်ဖြိုဖျက်ခဲ့ပါသည်။
ထို အဆောက်အဦးသည် NLD ဖြတ်သန်းခဲ့ရာ ကာလတစ်လျှောက် ကြုံတွေ့ခဲ့သည့် အခက်ခဲများ၊ အတားအဆီးများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ စစ်အစိုးရ၏ နှိပ်ကွပ်မှု၊ ထောက်လှမ်းရေး မျက်လုံးပေါင်းများစွာ အောက်တွင် ထိုအဆောက်အဦးသို့ လာရောက်သူအများစု ခြိမ်းခြောက်ခြင်း၊ ထောင်ကျခြင်းများကြုံတွေ့ခဲ့ကြရသည်။
ယခု ထိုအဆောက်အဦးမရှိတော့ပေ။ မကြာမီမှာ ခြောက်ထပ်သို့မဟုတ် ရှစ်ထပ်အမြင့်ရှိမည့် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် ဌာနချုပ်၏ ခေတ်မှီအဆောက်အဦးတစ်ခုအဖြစ် မကြာမီ ပေါ်ထွန်းလာပါလိမ့်မည်။
” နှစ်ပေါင်း ၂၀ကျော် စစ်အစိုးရ တော်တော် ဆိုးဆိုးဝါးဝါး တားဆီးမှုကြုံ ခဲ့နေရာ၊ ချိန်းခြောက်မှု ပိတ်ဆိုမှုအကြိမ်ပေါင်းများစွာခံခဲ့ရတဲ့နေရာပေါ့ ” ဟု NLD ပါတီစတင်ထူထောင်စဉ်ထဲက ပါဝင်ခဲ့သူ ဦး လှသိန်းက ပြောသည်။
NLD ဌာနချုပ် ရုံး ရှေ့တွင် ထောက်လှမ်းရေးမှာ လက်ဖက်ရည်ဆိုင်ဖွင် ထားပြီး၊ ထောက်လှမ်းရေး အဖွဲ့ပေါင်းများစွာ ၏ မျက်လုံးပေါင်းများစွာအောက်တွင် ထိုအဆောက်အဦးအောက်သို့လာသူမှန်သမျှ နေ့စဉ် မှတ်တမ်း တင်ခြင်းခံခဲ့ရသည်။
စစ်အစိုးရလက်ထက် မျက်လုံးပေါင်းများစွာဖြင့် စောင့်ကြည့်မှုများရှိသော ထိုအဆောက်အဦးတွင် အာဇာနည်နေ့ ၊ တော်လှမ်ရေးနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ ၊ အဖွဲ့ချုပ်၏နှစ်ပတ်လည်နေ့၊ ရွှေးကောက်ပွဲ နှစ်ပတ်လည် နေ့၊ ဖက်ဆစ်တော်လှမ်ရေးနေ့၊ စသဖြင့် ကျင်းပခဲ့ပြီး၊ တားဆီးပိတ်ဆို့မှုများကြားက ထိုနေ့များတွင်သာ NLD ၏ သဘောထားများကို အများပြည်သူသိရန် ထုတ်ပြန်ခဲ့ရသည်။
” အဖွဲ့ချုပ်ကို လူသစ်တစ်ယောက်လာလို့ က ကင်မရာ တဖျက်ဖျက်ရိုက်ပြီး၊မှတ်တမ်းတင်တယ် ” ဟု တာမွေမြို့နယ် ( NLD ) ပညာရေးကွန်ရက်မှ ဦး လှသိန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျပြီး၊ ပါတီဝင်များကို အာဏာပိုင်များက အဖမ်းအဆီးများ ပြင်းထန်နေစဉ်တွင် NLD အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ က အခမ်းအနားများကျင်းပပြီး ၊ ကြေညာစာတမ်း၊ သဘောထားများကို ထုတ်ပြန်ခဲ့ရသည်။
ယင်းဌာနချုပ် သည် ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းအားလုံး ၏ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊တိုင်းရင်းသားများ အများဆုံး ဝင်ထွက်သွားလာသော နေရာဖြစ်ခဲ့သည်။
” ဒေါ်စုမွေးနေ့ပွဲကျင်းပ တုန်း ကျောက်ဆည်ဓမ္မရုံ နားမှာ ဒိုင်နာယာဉ်တွေနဲ့ လူတွေကို တင်ဖမ်းပြီး၊ ထောင်ချခဲ့တာရှိတယ်။ စွမ်းအားရှင်တွေက ရုံးရှေ့ ထိလာပြီး၊ ရဲရဲတင်းတင်းလုပ်တာတွေရှိတယ် ” ဟု စစ်အုပ်ချုပ်ရေးခေတ်က NLD အပေါ် အနိုင်ကျင့်မှုများကို ပါတီဝင်တစ်ဦးက ပြောဆိုသည်။
” နံရံကို သံတောင် ရဲရဲမရိုက်ရဲဘူး ပြိုကျမှာဆိုးလို့၊ အင်္ဂထေတွေနဲ့ ထပ်ဖာရတာတွေရှိတယ်။ လူကြီး အစည်းအဝေးလုပ်နေတုန်းေ ရယိုထားတွေရှိတယ်။ ရုံးချုပ်မှာ ဆင်းဆင်းရဲရဲ လုပ်ခဲ့ကြရတာ ” ဟု အဆောက်အဦးဟောင်းတွင် နိုင်ငံရေးလုပ်ခဲ့ရာပုံကို NLD ပါတီဝင်တစ်ဦးက ပြန်ပြောင်းပြောဆိုသည်။
အဆိုပါနေအိမ်ပိုင်ရှင်မှာ ဦးထွန်းကြိုင်ဖြစ်ပြီး၊ ဒီမိုကရေစီအရေး အတွက် မိသားစုအားလုံးက သဘောထားကောင်းမွန်ပြီး NLDကို ကူညီခဲ့သည်။ အိမ်ရှင်မှာ အင်းစိန်ထောင်သို့ အပို့ခံရပြီး၊ မိသားစုတခုလုံးက စစ်အုပ်ချုပ်ရေးဖိအားပေးမှုများကို တွန်းလှန်ခဲ့ပြီး NLD အဖွဲ့ချုပ်ကို ကူညီခဲ့ကြောင်း၊ NLD ထံမှသိရသည်။
၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှမ်ရေး ကာလကလည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများ ဖြိုခွဲခံခဲ့ရပြီး၊ ဒဏ်ရာရခဲ့သော ရဟန်းများနှင့် အများပြည်သူများကို အဖွဲ့ချုပ် မှာ ပတ်တီးစီး၊ဆေးကုခဲ့ကြရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ် အဆောက်အအုံသစ်ဆောက်လုပ်ရန် ကျပ်သိန်းသုံးထောင်ကျော် ကုန်ကျမည်ဟု NLD မှန်းထားသည်။ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်မည်ဟုဆိုထားသည်။

” အရင်ခေတ်ကအဆောက်အဦးဆိုတော့ ဖျက်ရတာခက်တယ်။အမေစုကို ကူညီပေးတာပါ။ အဆောက်အဦး တင်ဒါက ခေါ်တုန်းပဲရှိသေးတယ်။ ဈေးနည်းတဲ့လူရမှာပေါ့။ ဆောက်မယ်သူခုထိမရွှေးရသေးဘူး ” ဟု အဆောက်အဦးဖြိုဖျက် ကန်ထရိုက်ရှင် ကိုငွေထွန်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့်အပြိုင်ဖြစ်သော လက်ရှိအာဏာရ ပါတီ ပြည်ခိုင်ဖြိုး၏ရုံးချုပ် သည် နေပြည်တော် တွင် ခမ်းနားကြီးမားစွာ တည်ရှိနေပြီးဖြစ်သည်။
နှစ်ပေါင်း ၂၀ကျော် ရုန်းကန်ခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရုံးချုပ်နေရာကို နိုဝင်ဘာ ၂၅ရက် နေ့ မြင်ကွင်းတွင်တော့ အဆောက်အဦး ၏ ၈၀ရာခိုင်နှုန်းခန့်ကို ဖြိုဖျက်ပြီးဖြစ်နေသည်။ ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ ခွင့်ပြုချက်ဖြင့် အဆောက်အဦးဟောင်းကို ဖြိုဖျက်နေခြင်းဖြစ်သည်။

NLD ဌာနချုပ်ရုံးခန်းသည် ကျဉ်းမြောင်းလွန်းပြီး၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ပြည့်ကျပ်နေပြီး၊ အပြင်ကလာသော ဧည့်သည်များအတွက် နေစရာအခက်ခဲရှိကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သတင်းရရှိသည်။
NLDဌာနချုပ်၏ နောက်ဖေး မိလ္လာကျင်း ပေါ်တွင် အစည်းအဝေးများကို လုပ်ခဲ့ကြရပြီး၊ အစည်းအဝေးများလုပ်သည့် အောက်ကြမ်းပြင်တွင် မိလ္လာကျင်းရှိကြောင်း ၁၉၉၀ ရွေးကောက်ပွဲ တွင် သဲကုန်းမြို့နယ် တွင် အနိုင်ရ အမတ်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ စာရေးဆရာသင်းရီ က အတိတ်ကို ပြန်ပြောင်း ပြောပြသည်။
NLD ဌာနချုပ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ကျန်းမာရေး အစရှိသဖြင့် ဌာနတွေလိုအပ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက် မှတ်တမ်းများ၊ ပါတီ၏ လိုအပ်သော အချက်အလက်များကို စုဆောင်းပေးသည့် သုတေသနအခန်းများ၊ စာကြည့်တိုက်များ၊ ကို ယခုအဆောက်အဦးသစ်တွင် ထည့်သွင်းလုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။
တိုင်းပြည်တည်ဆောက်ရေးအတွက် ယခု NLD ဌာနချုပ် အဆောက်အဦးသစ် က ပြည်သူများဘဝ တိုးတက်အောင် အလုပ်များစွာ လုပ်နိုင်မည့်ဟု မျှော်လင့်ကြောင်း၊ စာရေးဆရာသင်းရီ က ဆိုသည်။
” အန်အယ်ဒီ ၆ထပ်ဆောက်တာ သိပ်လိုအပ်တယ် ။ လုံးဝလုပ်သင့်တယ်။ တကယ့်တိုင်းပြည်ကို Run နိုင်မဲ့ ရုံးအဖွဲ့ နောက်ပြီး ၊ အစည်းဝေးခန်း၊တိုင်းနဲ့ပြည်နယ်ကိုယ်စားလှယ်တွေရဲ့ရုံးခန်းတွေ၊ တိုင်းရင်းသား အဖွဲအစည်းတွေအတွက် တိုင်းရင်းသားရေးရာရုံးတွေစာလက်ခံဌာနတွေ၊ ဒါတွေပါဝင်တဲ့ ဗဟိုရုံးကြီးလိုတယ် ။ နိုင်ငံခြားရေးဌာန တွေ၊ ဥက္ကဌ၊ အတွင်းရေးမှူး၊တို့ရဲ့ရုံးခန်းတွေ၊ အီးစီအခန်းတွေအများကြီးလိုတယ် ။ ဒါတွေကို၆ထပ်ရုံးနဲ့တောင်လောက်ချင်မှလောက်မယ် ” ဟု အမေရိကန်နိုင်ငံရောက် ၇၄ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်က မှတ်ချက်ပြု ပြောဆိုသည်။
ယခင် အဖိနှိပ်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ် နေရာတွင် ငွေကျပ် သိန်း သုံးထောင်ကျော် ကုန်ကျမည့် ခေတ်မှီအဆောက်အဦးတစ်လုံးကို မကြာမီ မြင်တွေ့ရဖွယ်ရှိနေသည်။

(သတင်းစာဆရာဇေနွေထွန်း ဆီက ကူးယူဖော်ပြခြင်း)

LEAVE A REPLY

Please enter your comment!
Please enter your name here