Home စာစုလေးများ “ပဲပြုတ်နှင့်နံပြား”၀တ္ထု

“ပဲပြုတ်နှင့်နံပြား”၀တ္ထု

260
0

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်း အေးဆေးစွာ နေထိုင်သွားရန်ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန်ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ် ကျောင်းသားဘ၀ထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာလည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင် စာပေများကို အချိန်လု၍ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးဆောင်းပါးတွေသာ အရေးများသည်။ ရသစာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် ၀တ္ထုတွေလည်း မရေးဖြစ်ခဲ့။
သို့ရာတွင် အတိုဆုံးဝတ္ထုလေးတစ်ပုဒ်ကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ဘဲ အမှတ်တမဲ့ ရေးသားခဲ့ဖူးသည်ဟု ကျွန်တော်ဆိုချင်သည်။

ကြည်…
ပဲပြုတ်နှင့်နံပြား ရရင် စားချင်တယ်
အောင်

အထက်ပါပေးစာလေးကို ၀တ္ထုတိုအဖြစ် သုံးသပ်ခံစားကြည့်ပါမည်။ ရှေးရိုးစဉ်လာ စာပေ သဘောတရားအရဆိုလျှင် ၀တ္ထုတိုတစ်ပုဒ်တွင် ဇာတ်ဆောင်ပါရမည်။ ပါသည် (အောင်နှင့်ကြည်) ။ ဇာတ်လမ်းပါရမည်။ ပါတာပေါ့။ သိပ်ချစ်ကြသော ဇနီးမောင်နှံနှစ်ယောက်ရှိသည်။ ခင်ပွန်းဖြစ်သူမှာ များပြားလှသောနိုင်ငံ့တာဝန်တွေ ထမ်းဆောင်နေရသဖြင့် အားလပ်ချိန်မရှိ။ အနားယူချိန်မရှိ။ အိမ်ကိုတောင် မပြန်နိုင်။ ဇနီးဖြစ်သူကိုတောင် အေးအေးဆေးဆေး စကားပြောခွင့်မရဘဲ စာတိုလေးနှင့်သာ ဆက်သွယ်နေရသည်။
ဇာတ်ဆောင်စရိုက် ပီပြင်ရမည်။ ထိုစဉ်က ‘အောင်’သည် အစိုးရအဖွဲ့ဝင် ထိပ်တန်းရာထူးကြီးကို ရရှိထားသူဖြစ်၏။ သူသာ စားချင်လျှင် အကောင်းဆုံးဟိုတယ်ကြီးများမှ စားသောက်ဖွယ်ရာများကို မှာယူသုံးဆောင်ခွင့်ရှိသည်။ သို့ရာတွင် သူက ပဲပြုတ်နှင့်နံပြားကိုသာ တောင့်တသည်။ ရိုးသားခြင်း၊ ခြိုးခြံချွေတာခြင်းသဘောကို တွေ့နိုင်သည်။
အမှန်အားဖြင့် ပဲပြုတ်နှင့်နံပြားလောက်ကတော့ အပါးတော်မြဲကို စီစဉ်ခိုင်းလို့ရတာပဲ။ ဘာကြောင့် အိမ်ကို လှမ်းမှာရသလဲ။ ထိုအချက်ကိုကြည့်လျှင် သူသည် မိသားစုအပေါ် သံယောဇဉ် ကြီးသူ၊ သစ္စာရှိသူဖြစ်ကြောင်း သိသာသည်။ အိမ်က ဇနီးဖြစ်သူကို ကိုယ်တိုင်ပြင်ဆင်ပေးသော လက်ရာကို ခုံမင်တတ်သူဖြစ်သည်။ မိန်းမကို ချွဲချင်တာလည်း ပါကောင်းပါနိုင်သည်။
သို့တိုင်အောင် သူသည် ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်ရှာ။ တခြားသူတွေသာဆိုလျှင်…

ကြည်…
နေကောင်းရဲ့လား။ ကိုယ်လဲ အလုပ်တွေများလွန်းလို့ အိမ်ကိုတောင် မပြန်နိုင်ဘူး။ ဒါပေမယ့် စိတ်ကတော့ ကြည့်ဆီကိုပဲ အစဉ်သဖြင့်ရောက်နေတယ်ဆိုတာ ယုံပါနော်။ ကြည့်ရဲ့လက်ရာလေးတွေ ကိုလည်း တမ်းတနေမိတယ်။ ပဲပြုတ်နဲ့နံပြားရရင်လည်း ပို့ပေးပါအုံး။ ဘယ်လိုစားစရာမျိုးပဲဖြစ်ဖြစ် ကြည့်ရဲ့လက်ကလေးနဲ့ ကိုယ်တိုင်ပြင်ဆင်ပေးမှ ပိုအရသာရှိတယ်လို့ ထင်မိတယ်ကွယ်။
ပိုတောင်လွမ်းတဲ့
ကိုအောင်ဆန်း

စသည်ဖြင့် ချွဲချွဲပျစ်ပျစ်ရေးပေလိမ့်မည်။ သူ့ကျတော့ ဒီလိုမဟုတ်။ စာက တစ်ကြောင်းထဲ။ ပြီးတော့ တုံးတိတိကြီး။
ဒါကိုကြည့်ခြင်းအားဖြင့် သူသည် ဘုဆတ်ဆတ်သမား၊ ပြတ်သားသူ၊ စကားအပို မဆိုတတ်သူ၊ အပြောထက် အလုပ်ကို ဦးစားပေးသူ၊ မိသားစုအရေးထက် လူအများ ကောင်းစားရေးကို ပို၍စိတ်ဓာတ်ထက်သန်သူ စသော စရိုက်သဘာဝများရှိကြောင်း ထင်ရှားစွာ မြင်နိုင်သည်။ ၀တ္ထုတိုတစ်ပုဒ်တွင် ရသပါရမည်ဟု ဆိုသည်။ ကြည့်ရအောင်။ တစ်ဦးပေါ်တစ်ဦး နားလည်စာနာတတ်သော၊ သံယောဇဉ်ကြီးကြသော၊ အပြန်အလှန် ပါရမီဖြည့်ပေးကြသော ဇနီး မောင်နှံ၏ချစ်ခြင်းမေတ္တာကိုကြည့်၍ သိင်္ဂါရရသကို ခံစားနိုင်သည်။
သူတို့နှစ်ဦးမှာ တခြားဇနီးမောင်နှံတွေလို အချိန်ပြည့် ပူးပူးကပ်ကပ်နေခွင့်မရရှာကြ။ များပြားလှသော တိုင်းပြည်တာဝန်တွေကြားမှာ လွမ်းရေးခက်နေကြပုံက ကရုဏာရသမြောက်သည်။
‘ဟင်…ဒီလိုထိပ်တန်းပုဂ္ဂိုလ်ကြီးက ပဲပြုတ်နဲ့နံပြားမှ စားချင်သတဲ့။ အံ့ရော’ဆိုပြီး အမ္ဘုတရသ အဖြစ် မြင်နိုင်သလို ‘ဖြစ်မှဖြစ်ရလေ’ဟု ပြုံးချင်စရာဖြစ်သောကြောင့် ဟာသရသလည်း ရောစွက်နေ ပြန်သည်။
ထိုဇနီးမောင်နှံတို့၏ ဖြူစင်သန့်ရှင်းသောဘ၀ကိုကြည့်ပြီး စိတ်ဓာတ်တည်ငြိမ်အေးချမ်း သာယာမှုကို ရရှိစေသည်။ ထိုအရာသည် သန္တရသပင်ဖြစ်၏။ ထို့အပြင် ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း စသောဦးတည်ချက်များကလည်း ၀တ္ထုတိုကောင်းတစ်ပုဒ်အဖြစ် ပီပြင်စေသည်။ နည်းနည်းချဲ့ကားပြောလျှင် ဤ၀တ္ထုတိုလေးတွင် လူတန်းစားအမြင်လည်း ပါသည်။ ဘ၀သရုပ်မှန် ၀တ္ထုဟု ယူဆနိုင်သည်။
ဤ၀တ္ထုတွင် ဇာတ်သိမ်းခန်း ပါဝင်ခြင်းမရှိ။ သို့ရာတွင် ခေတ်သစ်စာပေအယူအဆအရ ဇာတ်လမ်းသည် အရေးမကြီး၊ ဇာတ်ကွက်ကသာ ပဓာနကျသည်။ ဓမ္မဓိဌာန်စာပေအဖွဲ့အနွဲ့တွင် အဖြစ်အပျက်တစ်ခုကို ကွက်၍မီးမောင်းထိုးပြသည်။ အရင်းအတိုင်းဖော်ပြသည်။ စာဖတ်သူက နှစ်သက်သလို တွေးယူလိမ့်မည်။ ခုနောက်ပိုင်း မော်ဒန်၊ ပို့စ်မော်ဒန်ဝတ္ထုများတွင် ဇာတ်လမ်းတောင် ရှိချင်မှရှိသည်။ ဇာတ်သိမ်းခန်းလည်း ပါချင်မှပါသည်။ ထို့ကြောင့် ဤ၀တ္ထုကို ခေတ်ပေါ်ဝတ္ထုတစ်ပုဒ် ဟူ၍လည်း ဆိုကောင်းဆိုနိုင်လိမ့်မည်ထင်သည်။
ကျွန်တော်သည် ပဲပြုတ်နှင့်နံပြားကို ကမ္ဘာပေါ်မှာ အတိုဆုံး၊ အရိုးသားဆုံး၊ အနုပညာ အပြည့်ဝဆုံး၊ ရသအမြောက်ဆုံးဝတ္ထုတိုလေးတစ်ပုဒ်အဖြစ် စိတ်ကူးယဉ်ခံစားကြည့်မိခြင်း ဖြစ်ပါသည်။
မင်းလူ
(စာရေးဆရာကိုအောင်ဆန်းစာအုပ်မှ)

LEAVE A REPLY

Please enter your comment!
Please enter your name here