Home နိုင်ငံရေး အင်းစိန်ထောင် ထောင်ဝင်စာ အဆောက်အအုံသစ် နောက်လတွင် စဆောက်မည်

အင်းစိန်ထောင် ထောင်ဝင်စာ အဆောက်အအုံသစ် နောက်လတွင် စဆောက်မည်

90
0

ထောင်ဝင်စာ အဆောက်အအုံအသစ်တွင် ကော်ဖီဆိုင်၊ ကလေးကစားကွင်းနှင့် သန့်စင်ခန်းအသစ်များ ပါဝင်မည်ဖြစ်ပြီး ၂၀၁၉ နှစ်စတွင် စီမံကိန်း အပြီးသတ်ဖို့ မျှော်လင့်သည်ဟု ဆိုသည်။ (သတင်းအစအဆုံး)

ဖြိုးသီဟချို / Myanmar Now

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ရာနှုန်းပြည့် ငွေကြေးအကူအညီဖြင့် ဆောက်လုပ်မည့် အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်ဝင်စာ အဆောက်အဦသစ်ကို ဇူလိုင်လတွင် တည်ဆောက်ရေး စတင်မည်ဟု အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဦးမျိုးဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ လက်ရှိ ထောင်ဝင်စာ တွေ့သည့် အဆောက်အဦမှာ သက်တမ်းကြာမြင့်နေပြီဖြစ်သဖြင့် အသံပိုလုံ၍ အလင်းရောင်ပိုမိုရရှိစေရန်အတွက် အသစ်ဆောက်ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အကျဉ်းသားတွေ မိသားစုနဲ့တွေ့ဆုံတဲ့အခါမှာ ပိုပြီးတော့ နွေးနွေးထွေးထွေးဖြစ်အောင် အဆောက်အအုံ အသစ် ဆောက်လုပ်တဲ့ အခါမှာ စီစဉ်ထားပါတယ်” ဟု ၎င်းကပြောသည်။

ICRC က အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်ဝင်စာ အဆောက်အအုံသစ်အကြောင်း ယခုလ ၁၆ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ကျပ်သိန်း ၄၀၀၀ ကုန်ကျမည့် ထိုစီမံကိန်းကိုဖော်ဆောင်ဖို့ ICRC နှင့် အကျဉ်းဦးစီးဌာနတို့ ၂၀၁၇ ခုနှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားနှင့်မိသားစုများကြား ပိုမိုကောင်းမွန်သည်ဆက်ဆံရေးရဖို့ တည်ဆောက်ရခြင်းဖြစ်သည်ဟု ပါရှိသည်။

“ဒါဟာ ကွဲကွာနေရခြင်းဆိုတဲ့ ခံစားမှုကို လျှော့ချပေးနိုင်ဖို့ မျှော်လင့်ယုံကြည်တဲ့အပြင် လွတ်မြောက်ပြီးသူများ ကလည်း ထောင်ကို ပြန်လည်ရောက်ရှိလာနိုင်မယ့်အခွင့်အလမ်းကို လည်းလျော့ကျစေမှာဖြစ်ပါတယ်”ဟု ထိုထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ထောင်ဝင်စာ အဆောက်အအုံအသစ်တွင် ကော်ဖီဆိုင်၊ ကလေးကစားကွင်းနှင့် သန့်စင်ခန်းအသစ်များ ပါဝင်မည်ဖြစ်ပြီး ၂၀၁၉ နှစ်စတွင် စီမံကိန်း အပြီးသတ်ဖို့ မျှော်လင့်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

အကျဉ်းထောင်က လက်ခံနိုင်သည့် အရေအတွက်ထက် ပိုမိုနေသည့် အကျဉ်းသားအရေအတွက်ကို မလျှော့ချနိုင်ပါက အဆောက်အုံအသစ် ဆောက်လုပ်သော်လည်း ထူးခြားမည်မဟုတ်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။

“ အင်းစိန်ထောင်ကလူ ၅၀၀ဝ ပဲဆန့်တယ်၊ အခုဆိုရင် လူ ၁၀,၀၀၀ ကျော်လောက်ရှိနေတယ်။ ဒါကြောင့် ဒီအဆောက်အုံသစ်ကိုဆောက်လည်း မိသားစုတွေ ထောင်ဝင်စာတွေ့ကြတဲ့အခါမှာ ဆူညံပွက်လောရိုက်ပြီး ဒုက္ခ၊ သုက္ခတွေရောက်နေရတဲ့ အခြေအနေကတော့ ဖြစ်နေဦးမှာပါပဲ”ဟုပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၆ ခုတွင် အကျဉ်းသား၊ အချုပ်သား ၅၈,၀၀၀ ဦး ရှိနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများတွင် အကျဉ်းသား ၁၅,၀၀၀ ခန့် ရှိနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားဖူးသည်။

ထောင်ဝင်စာတွေ့သည့် လက်ရှိခန်းမအနေအထား (အပေါ်ပုံ)နှင့် ခန်းမသစ်ပုံစံငယ် (အောက်ပုံ)။ (ဓာတ်ပုံ – အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ)

LEAVE A REPLY

Please enter your comment!
Please enter your name here