Home နိုင်ငံရေး အာဇာနည်နေ့သမိုင်း

အာဇာနည်နေ့သမိုင်း

424
0

ခရစ်နှစ်- 1947-ခုနှစ် ဇူလိုင်လ 19-ရက်နေ့( ကောဇာသက္ကရာဇ် ၁၃၀၉-ခုနှစ် ဝါခေါင်လ္ဆန်း ၂ -ရက်နေ့ ) စနေနေ့ နံနက် ၁၀-နာရီ ၃၇-မိနစ်တွင် အတွင်းဝန်များ ရုံးမှာ တိုင်းပြည်ကျွန်ဘဝမှ လုံးဝလွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ ကြားဖြတ်အစိုးရ ဝန်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိနေသည် “တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရပါ´´မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးတိုးဝါးတား မှုန်မှိုင်း၍ နေပါသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက် တဖြိုင်ဖြိုင် ရွာချလိုက်နဲ့ စွေ၍ နေလေသည် ဟု ဆရာကြီးဒဂုန်တာရာက ရေးသားမှတ်တမ်း တင်ခဲ့ပါသည်။
ထိုနေ့ နံနက် ၁၀-နာရီခန့်တွင် တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များ ရုံးမှာ ပြုလုပ်မယ့် ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ အပါးတော်မြဲ ( PA ) ဗိုလ်ထွန်းနဲ့အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့ကြပါတယ်။
၁၀-နာရီ ၁၀-မိနစ်လောက်မှာ အတွင်းဝန်များ ရုံး၏ အလယ်ဗဟို လှေကားရင်း၌ ဗိုလ်ချုပ်ကား ဆိုက်ရောက်လာပြီး အစည်းအဝေးလုပ်မယ့် အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာခဲ့ပါတယ်။
အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည်(ပုဆိုး)|သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနဲ့ အဖြူရောင် သဲကြိုးတပ်ထားတဲ့ လေယျာဉ်ပျံဖိနပ် စသည်တွေနဲ့ မြန်မာဆန်ဆန် ခန့်ခန့်ညားညား ဝတ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့ “ဗိုလ်ချုပ်က ဒီလိုဝတ်ထားတော့လည်း အချောကြီးပဲ´´ဟု ဦးဘဂျမ်းက ရင်းနှီးလေးစားစွာ လှမ်းနောက်လိုက်၏။( အဲဒီအချိန် ဗိုလ်ချုပ်အသက်က ၃၂ နှစ် ကျွန်တော်တို့ဗိုလ်ချုပ် ခန့်မှန်းမြင်ယောင်ရင်း ရှင်းသန့်ခန့်ပြီး ချောမောလွန်းသော လေးစားဖွယ်ရာ ဥပဓိရုပ်ကို မြင်ကြည့်မိပါတယ်ဗျာ ဒါက ကျွန်တော့်အတွေး ခန့်ထက်)
ကာကွယ်ရေး ဝန်ကြီးရဲ့ ရုံးခန်းထဲမှာ အစည်းအဝေး ပြုလုပ်ရန်အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုင်းခန်းလှည့်လည်နေတဲ့ သယ်ယူပို့ဆောင်ရေးဌာန ဝန်ကြီးစောစံဘိုးသင်း အင်္ဂလန်မှအပြန် လမ်းခရီးမှာဘဲ ရှိနေသေးတဲ့ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဌာန လက်ကိုင်မရှိ ဝန်ကြီး ဦးတင်ထဋ်တို့မှ အပ အစိုးရအဖွဲ့ ဝန်ကြီးတွေ စုံစုံညီညီ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ရုံးအုပ်ကြီး ဦးခ | လက်ထောက်အတွင်းဝန် ဦးရွှေဘော်တို့မှာလည်း အစည်းအဝေးအတွက် လိုအပ်မည့် စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေ စုဆောင်းကာ အစည်းအဝေး ကျင်းပမည့် အခန်းထဲကို တစ်ခုပြီးတစ်ခု ပို့ဆောင်ကြရင်း ဝင်ချေထွက်ချေ အလုပ်များနေကြပါတယ်။
အဲဒီနောက် အစည်းအဝေး ကျင်းပရာ အခန်းထဲကို ဗိုလ်ချုပ်နဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ ဝင်လာကြပြီး ဗိုလ်ထွန်းလှက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ ဖိုင်တွေ မှတ်တမ်းမှတ်ရာတွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ ချပေးလိုက်ပါတယ်။
ဗိုလ်ချုပ်က သူ့ထိုင်ခုံတွင် ဝင်ထိုင်ပြီးတဲ့အခါ ဗိုလ်ထွန်းလှလည်း အစည်းအဝေး ခန်းမကနေ သူ့ရဲ့ ရုံးခန်းရှိရာကို ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်အေး ရှိနေခဲ့ပါတယ်။
အဲဒီနေ့က အစည်းအဝေး တက်ရောက်သူတွေကတော့………
၁။ ဗိုလ်ချုပ်အောင်ဆန်း -ဒု ဥက္ကဋ္ဌ | ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာန ။
၂။ သခင်မြ – ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန။
၃ ။ ဦးဘဝင်း – ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး ဌာန ။
၎ ။ ဒီးဒုတ် ဦးဘချို – ပြန်ကြားရေး ဌာန ။
၅ ။ အဗ္ဗဒူရာဇာတ် – ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ။
၆ ။ မန်းဘခိုင် – စက်မှုလက်မှုနှင့် အလုပ်သမား ဌာန ။
၇ ။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း – တောင်တန်းရေးရာ ဌာန ။
၈ ။ ဦးဘဂျမ်း – ပြန်လည် ထူထောင်ရေး ဌာန ။
၉ ။ ပျော်ဘွယ် ဦးမြ – လယ်ယာနှင့် စိုက်ပျိုးရေး ဌာန ။
၁၀ ။ ဦးအောင်ဇံဝေ – ပြည်သူ့ ဝန်ထမ်း ဌာန ။
၁၁ ။ ဦးအုံးမောင် – ဒုတိယအတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာနတို့ ဖြစ်ပါတယ်။

ဦးအုံးမောင်ဟာ သူ့ဝန်ကြီး စောစံဘိုးသင်း ခရီးထွက်နေပြီး အစည်းအဝေး မတက်နိုင်လို့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ လိုအပ်တာတွေ တင်ပြနိုင်ဖို့နဲ့ ပြန်လည် ဖြေကြားနိုင်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
အရင်ကတော့ ဝန်ကြီးများ ( ဘုရင်အမှုဆောင် ကောင်စီအဖွဲ့များ ) အစည်းအဝေးကို ဘုရင်ခံ သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘုရင်ခံကိုယ်တိုင် ဦးစီးကျင်းပလေ့ ရှိပါတယ်။
အောက်ဆန်း အက်တလီစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှာတော့ မြန်မာပြည်ကို လွတ်လပ်ရေး သေချာပေါက် ပေးရတော့မယ့် အခြေအနေရဲ့ ဖဆပလ ဘုရင်အမှုဆောင် ကောင်စီကို ကြားဖြတ် အစိုးရ အဆင့်မျိုးနဲ့ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့ ခရစ်နှစ် ၁၉၄၇ – ခုနှစ် ဇန္နဝါရီလောက်က စပြီး ဘုရင်ခံကိုယ်တိုင် တက်ရောက်ခြင်း မရှိတော့ဘဲ | ဘုရင်အမှုဆောင် ကောင်စီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကဘဲ သဘာပတိအဖြစ် ဦးစီးကျင်းပနေတာ ဖြစ်ပါတယ်။

အစည်းအဝေး ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းဟာ အထဲကို ဝင်ရန် တံခါး ၃ – ပေါက်ရှိတဲ့ ခန်းမကျယ်ကြီးဖြစ်ပြီး | လက်ယာဘက်မှာ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ အခန်း | လက်ဝဲဘက်မှာ အတွင်းဝန် ဦးရွှေဘော်ရဲ့ အခန်းတို့ ဖြစ်ပါတယ်။
အဲဒီ အခန်းကြီး၏ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ် အလုပ် လုပ်တဲ့ စားပွဲရှိပြီး | တောင်ဘက် နံရံမှာတော့ ဝန်ကြီးတွေ အစည်းအဝေးပွဲ ကျင်းပတဲ့ စားပွဲကြီးတွေ ရှိပါတယ်။ ဝန်ကြီးတွေ အစည်းအဝေး ကျင်းပတဲ့ နေရာမှာ စားပွဲရှည်ကြီး – ၃ – ခုကို “ဂ´´ပုံစံ အတိုင်းမှာ ထိပ်မှာတစ်ခု ဘေးတစ်ဖက် တစ်ချက်မှာ တစ်လုံးစီ ချထားပါတယ်။ ထိပ်က စားပွဲက အလျား ၁၀-ပေ | အနံ ၃-ပေလောက် ကျယ်ပြီး ကျန်တဲ့ ဘေးတစ်ဖက်တစ်ချက်က စားပွဲ ၂-ခုကတော့ အလျား ၁၈-ပေ | အနံ ၃-ခန့်စီ ရှိကြပါတယ်။

အဲဒီနေ့ အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲ အလယ်တည့်တည့်မှာ ထိုင်နေပြီး လက်ယာဘက်စားပွဲမှာ သခင်မြ | ဒီးဒုတ်ဦးဘချို | ဦးရာဇတ် | ဦးဘဝင်း | မန်းဘခိုင် တို့ အစဉ်အတိုင်း ထိုင်နေကြကာ လက်ဝဲဘက်စားပွဲမှတော့ ဦးဘဂျမ်း | ဦးအောင်ဇံဝေ | ပျော်ဘွယ် ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ ထိုင်နေကြပါတယ်။
ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်က အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖိုင်တွဲတွေ ရှာပေးနိုင်ဖို့ ဗိုလ်ချုပ်ရဲ့ လက်ဝဲဘက်မှာ ရှိနေပါတယ်။ အစည်းအဝေးကို အစီအစဉ်အတိုင်း ၁၀-နာရီ ၁၅-မိနစ်မှာ စတင်ကျင်းပပြီး ဝန်ကြီး ဌာနအလိုက် အရေးကြီးတဲ့ သက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။ ဒီလိုနဲ့ ဌာနဆိုင်ရာ ကိစ္စရပ်တွေကို အစီအစဉ်အတိုင်း ဆွေးနွေးလာခဲ့ရာ ၁၀-နာရီခွဲခန့်မှာ လမ်းပန်းဆက်သွယ်ရေးဌာန ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့ ဒုတိယအတွင်းဝန် အိုင်စီအက်စ် ဦးအုံးမောင်လည်း အစည်းအဝေးခန်းမထဲကို ရောက်လာပြီး လက်ယာဘက် စားပွဲထိပ်က သခင်မြအနားမှာ ဝင်ထိုင်လိုက်ပါတယ်။

နံနက် ၁၀-နာရီ ၁၀-မိနစ်ခန့်မှာ “ငါ့တပည့်များ အောင်ပါစေကွာ´´ဆိုတဲ့ စကားသံအဆုံးမှာ အင်လျားကန်ဘေးရှိ ဦးစော အိမ်ဝင်းထဲကနေ ဂျစ်ကား အစိမ်းလေးတစ်စင်း ဝူးခနဲ ထွက်လာပြီး အတွင်းဝန်ရုံးဘက်ကို ဦးတည်မောင်းနှင်သွားတယ် ဒီဂျစ်ကားလေးကို ဦးစောရဲ့ တပည့်တစ်ဦးဖြစ်တဲ့ သုခက မောင်းနှင်ပြီး ကားပေါ်မှာ တခြားတပည့်တွေဖြစ်တဲ့ စိန်ကြီး မောင်စိုး ရန်ကြီးအောင်သက်နှင်းတို့က တော်မီဂန်းနဲ့ စတင်းဂန်းတွေ အသင့်ကိုင်ဆောင်ကာ လိုက်ပါလာကြပါတယ်။ မိုးတဖွဲဖွဲနဲ့ စွေနေတဲ့ လမ်းမကြီးပေါ်မှာ အာရ်စီ/၁၈၁၄ နံပါတ် ဂျစ်ကားအစိမ်းလေးဟာ မိုးကာတွေ ခြုံထားပြီး စစ်ယူနီဖောင်းဝတ် နံပါတ် ၁၂ တပ်မ ခြင်္သေ့တံဆိပ် တပ်ထားတဲ့ လူ ၄ ဦးကို တင်ဆောင်ကာ အပြေးမောင်းနှင်လာပါတယ်။
ဒီဂျစ်ကားလေးဟာ မောင်ဂိုမာရီလမ်း ( ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း ) အတိုင်း ပန်းဆိုးတန်းထိပ် နာရီစင်ကိုဖြတ်ပြီး အနောက်မှ အရှေ့သို့ မောင်းနှင်လာတယ်။ နောက် စပတ်လမ်း ( ယခု ဗိုလ်အောင်ကျော်လမ်း ) ကို ရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ် အဲဒီကမှတစ်ဆင့် ဖရေဇာလမ်း ( ယခု အနော်ရထာလမ်း ) ကို ဖြတ်ကျော်လာပြီး အတွင်းဝန်ရုံးရဲ့ တောင်ဘက် ဂိတ်ဝကို ရောက်တဲ့အခါ စက်ရှိန်လျှော့ပြီး အတွင်းဝန်များ ရုံးအတွင်းဝင်ရန် ကားခေါင်းကို ဘယ်ဘက်သို့ ဦးတည်လိုက်တယ်။ ဒီအချိန်ဟာ ရုံးတက်စ ၁၀-နာရီခွဲခန့် ဖြစ်လို့ အရာရှိ ကြီးငယ်တွေရဲ့ ကားကြီးကားငယ်တွေ ဝင်နေကြလို့ ဂိတ်ဝမှာ ခဏရပ်စောင့် နေရသေးတယ်။ နောက်မှ ကားဘီးကို ခပ်ဖြည်းဖြည်း လိမ့်ကာ အနောက်ဘက် ဆင်ဝင်ကြီးအောက်က တစ်ဆင့် ကာကွယ်ရေးဌာနဘက်သို့ ကွေ့ဝင်ကာ အနောက်တောင်ထောင့်မှာ ထိုးရပ်လိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည် ( Canva Shoes ) စီးထားပြီး စတင်းဂန်းတစ်လက် တော်မီဂန်း ၃-လက်တို့ကို အသင့်ကိုင်ထားတဲ့ စိန်ကြီး | မောင်စိုး | ရန်ကြီးအောင် သက်နှင်းတို့လည်း ကားပေါ်က ခုန်ဆင်းကာ အတွင်းဝန်များ ရုံးထဲကို အပြေးဝင်ရောက်လာကြတယ်။
သုခက ကားကို စက်မရပ်ဘဲ နှိုးထားကာ အသင့် စောင့်ဆိုင်း ကျန်ရစ်ခဲ့တယ်။ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြတဲ့ စိန်ကြီး | မောင်စိုး | ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ အတွင်းဝန်ရုံးတောင်ဘက်မှ မြောက်ဘက်အတိုင်း ဗိုလ်ချုပ်ရုံးခန်း ရှိရာကို လျှောက်လာကြပြီး အခန်းဝမှာ စောင့်နေတဲ့ မင်းစေကို တွန်းဖယ်ကာ မြောက်ဘက်တံခါးပေါက်ကနေ ဝန်ကြီးများ စည်းဝေးနေတဲ့ အခန်းတွင်းသို့ ဝင်လိုက်ကြတယ်။
နံနက် ၁၀-နာရီ ၃၇-မိနစ် ရှေ့ဆုံးမှ ဝင်လာတဲ့ သက်နှင်းက “ဟိတ်´´လို့ ခပ်ကျယ်ကျယ်အော်သံနဲ့အတူ လက်ထဲက တော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲ စတင်ပစ်ခတ်တော့တယ် တစ်ချိန်တည်းမှာပဲ စားပွဲထိပ်မှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာက လက်ကာပြရင်း ဝင်လာသူတွေကို တစ်စုံတစ်ခု လှမ်းပြောဖို့ ကြိုးစားခဲ့သော်လည်း အချိန် မမှီတော့ပေ။ လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆံတွေကြောင့် ဗိုလ်ချုပ် နောက်သို့ လန်ကျကာ လူရော ကုလားထိုင်ပါ လုံးထွေး လဲပြိုသွားတော့တယ်။ ဒီနောက်မှ ဗိုလ်ချုပ် ညာဘက်မှာ ထိုင်နေတဲ့ ဝန်ကြီးတွေကိုလည်း တစ်ဆက်တည်း ပစ်ခတ်လိုက်တယ်။ပြီးတော့မှ ဘယ်ဘက်ကို မွှေ့ယမ်းလိုက်တယ်။
ဝန်ကြီး ပျော်ဘွယ်ဦးမြနဲ့ အတွင်းဝန် ဦးရွှေဘော်တို့ဟာ ရှေ့ဆုံးက လူသတ်သမားက ဗိုလ်ချုပ်ကို စတင် ပစ်ပစ်ခြင်း နောက်ကျောဘက်က ပြူတင်းပေါက်ကနေ အချိန်မှီ ခုန်ချ ပြေးကြလို့ ဒဏ်ရာ မရရှိဘဲ လွတ်မြောက်ခဲ့ရပါတယ်။ ဝန်ကြီး ဦးဘဂျမ်းကလည်း ပစ်ပစ်ခြင်း သူ့ဘေးမှာရှိတဲ့ ဦးအောင်ဇံဝေရဲ့ လက်ကို ဆောင့်ဆွဲကာ နှစ်ယောက်သား ကြမ်းပြင်ပေါ် လှဲချလိုက်လို့ အသက်ဘေးက လွတ်ခဲ့ရတယ်။
ကျန်တဲ့ ဝန်ကြီးတွေကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိမှန်ကာ အတုံးအရုံး လဲကျကုန်တယ်။ နောက်တော့ မတ်တပ်ရပ် ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ ဒူးထောက်ထိုင်လိုက်ကာ အားရပါးရ စိတ်တိုင်းကျ ဆက်လက် ပစ်ခတ်ကြပြန်တယ်။ စိတ်တိုင်းကျ ပစ်ခတ်ပြီးတဲ့နောက်မှ လူသတ်သမားတွေဟာ အပစ်ရပ်ကာ လှေကားရှိရာဘက်ကို ပြေးထွက်လာကြတယ်။ ဒီအချိန်မှာ လှေကားထိပ်ရှိ အခန်းထဲက ဝန်ကြီးဦးရာဇာတ်ရဲ့ သက်တော်စောင့် ကိုထွေး ထွက်လာရာ လူသတ်သမားတွေက စတင်းဂန်းနဲ့ တစ်ချက်မွှေ့လိုက်ပြီး “ဟေ့ မဆိုင်သူ ဖယ်နေ အောက်က ဆင်းကြ´´လို့ အော်ဟစ်ရင်း လှေကားအတိုင်း တဟုန်ထိုး ပြေးဆင်းသွားကြတယ်။
ဆင်ဝင် အပေါက်ကြီးအောက်မှာ ကားစက်နှိုးပြီး အဆင်သင့် စောင့်နေတဲ့ သုခ ကားပေါ်တက်ကာ စပတ်လမ်း ( ယခု ဗိုလ်အောင်ကျော်လမ်း ) ထွက်ပေါက်ကြီးက ထွက်ပြီး လက်ဝဲဘက်ကို ကွေ့ကာ ဒါဟိုစီ ( ယခု ဗန္ဓုလလမ်း )လမ်းအတိုင်း အနောက်ဘက်ကို အတားအစီးမရှိ ထွက်ပြေးမောင်းနှင် လွတ်မြောက်သွားကြတယ်။
ဦးစောဟာ ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ ဖဆပလ အစိုးရ ပြုတ်ကျမယ်လို့ တွက်ပြီး ဖဆပလ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌနဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဥက္ကဋ္ဌ သခင်နုကိုပါ လုပ်ကြံဖို့ တပည့်တစ်ဦးဖြစ်တဲ့ ဘညွန့်ကို စေလွှတ်ခဲ့ပေမဲ့ အဲဒီနေ့က သခင်နု ရုံးမတက်လို့ လုပ်ကြံခံရမဲ့ဘေးက လွတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေကို လူသတ်သမားတွေက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် အခန်းထဲသို့ ပထမဆုံး ရောက်ရှိလာတဲ့ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်ကို လဲကျနေရာမှ ထူကြည့်ခဲ့ရာ ရင်ဘတ်မှာ ဒဏ်ရာ နှစ်ချက် သုံးချက်ခန့် ရတယ်လို့ ထင်ခဲ့တယ်။ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီးနောက် ဆရာဝန်ကြီးတွေက အသေအချာ စစ်ဆေးကြည့်ရှု့တဲ့ အခါမှာတော့ ဗိုလ်ချုပ်ကိုယ်မှာ သေနတ်ဒဏ်ရာ ၁၃-ချက်တိတိကို တွေ့ခဲ့ကြရတယ်။

ပျော်ဘွယ် ဦးမြနဲ့အတူ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အတွင်းဝန် ဦးရွှေဘော်မှာ လုံးဝ ထိခိုက်ခြင်း မရှိခဲ့ပေ။ ကြမ်းပြင်ပေါ်ကို မှောက်လှဲချခဲ့တဲ့ ဦးအောင်ဇံဝေလည်း ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် ဦးဘဂျမ်းကတော့ လက်ဝဲဘက် နံပါးမှာ တစ်ချက် လက်ယာဘက် လက်သူကြွယ်မှာ တစ်ချက် အပေါ်ယံ ရှပ်ထိ မှန်ခဲ့တယ်။
တကယ်တော့ ဦးဘဂျမ်းဟာ အဲဒီနေ့က အစည်းအဝေးကို တက်ဖို့ မရည်ရွယ်ခဲ့ပေ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဟင်္သာတခရိုင်ကို ခရီးထွက်ရာကနေ ပြန်ရောက်ခါစဖြစ်ပြီး အအေးမိကာ အနည်းငယ် မကျန်းမမာ ဖြစ်နေတာကြောင့်ပါပဲ။ သို့သော် သူဟာ အဲဒီအချိန်က အရေးကြီးသတင်းထူး တစ်ခုကို အမြန်ဆုံး တင်ပြ အစီရင်ခံဖို့ လိုအပ်နေတယ်လို့ ယူဆပြီး အစည်းအဝေးကို ကြိုးစား လာတက်ခြင်း ဖြစ်တယ်။
ဦးဘဂျမ်း ရရှိခဲ့တဲ့ သတင်းထူး တစ်ခုကတော့ လွန်ခဲ့တဲ့ ဇွန်လ နောက်ဆုံး အပတ်အတွင်းက ဗိုလ်တစ်ထောင် ဘီအိုစီ ( Base Ordnance Depot )ခေါ် ပစ္စည်းသိုလှောင်ရေး တပ်ဖွဲ့ကနေ ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးခဲ့ရမှု့ရဲ့ တရားခံဟာ ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာ တင်ပြဖို့ပဲ ဖြစ်ပါတယ်။
ဂဠုန်ဦးစောရဲ့ လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာတော့ ကြာပါပြီ။ နောက်ပြီး ဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်မှာ နေနေတဲ့ စစ်ရုံးချုပ်က လုံခြုံရေး အရာရှိ လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်ဟာ ဦးစောရဲ့ လူသတ်မှုတွေကို သင်္ကာမကင်း ဖြစ်ကာ မိမိနေအိမ်ကနေ စစ်သုံး မှပြောင်းဖြင့် ညအချိန် စောင့်ကြည့် နေခဲ့ရာ ဦးစောဟာ တပည့် လေးငါးယောက်နဲ့အတူ အင်းလျားရေပြင်မှာ လှေတစ်စင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ပြီး ဒီသတင်းကိုလည်း ဘုရင်ခံရဲ့ အတွင်းဝန် ဖိလစ်နက်ရှ်ထံမှ တဆင့် ဘုရင်ခံက ဇူလိုင်လ ၁၈ ရက်နေ့မှာ သိထားပြီး ဖြစ်တယ်။
နောက်ပြီး အဲဒီ လုပ်ကြံမှုဖြစ်ပွားတဲ့နေ့က လူ ၅ ဦးကို တင်ဆောင်ကာ အပြေးမောင်းနှင်လာတဲ့ ဂျစ်ကားလေးတစ်စီး ဦးစော အိမ်ထဲကို ချိုးဝင်သွားတယ် အဝင်မှာ ဦးစောနဲ့ ဆုံမိကြတော့ “အောင်ပြီ | အောင်ပြီ´´လို့ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော် နှုတ်ဆက်ကြတာကို လက်ဖတင်နင် ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုမြင်တွေ့ပြီး စီအိုင်ဒီ( မှုခင်းတပ်ဖွဲ့ )ကို သတင်းပို့ခဲ့တယ်။ ဒါကြောင့် မွန်းလွဲပိုင်းမှာ ပုလိပ် စုံထောက်ဘက်နဲ့ သောင်းကျန်းသူ နှိမ်နှင်းရေး တပ်တို့ ပူးပေါင်းပြီး အင်းလျားကန်စောင်းရှိ ဦးစော နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ ဦးစောရဲ့ တပည့်တစ်ဦးဖြစ်သူ မိုက်ရူးရဲ မှုံကြီးက သေနတ်ကို ကိုင်စွဲကာ ခုခံပစ်ခတ်ခဲ့သေးသော်လည်း အင်အားချင်း မမျှသည်ကို ရိပ်မိတဲ့ ဦးစောက အချိန်မီ တားဆီးခဲ့တဲ့အတွက် ဦးစောတို့ လူသိုက်အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။ ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ မကြာခင်ကမှ ပြုလုပ်ထားတဲ့ “ဦးစော Prime Minister´´ဆိုတဲ့ ရာဘာတံဆိပ်တုံးတွေနဲ့အတူ အင်္ဂလိပ်စစ်တပ်က ပျောက်ဆုံးသွားတဲ့ လက်နက်ခဲယမ်း မီးကျောက်တွေထဲက တချို့ကို အိမ်ထဲကရော အိမ်အနီးက အင်းလျားကန်ကရော ရှာဖွေသိမ်းဆည်း ရမိခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသူ ဦးစော

ဒီမြန်မာပြည်ရဲ့ ကံဆိုး မိုးမှောင်ကျခဲ့ရတဲ့ လုပ်ကြံမှု့ကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ ထုတ်ဖော်ရေးသားချက်အရ စတင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်လာပြီး လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အထိ ပြောဆိုမှု့တွေ ရှိလာတဲ့အခါ ပြည်ထဲရေးဝန်ကြီး ဦးကျောငြိမ်း လန်ဒန် သွားနေခိုက် တာဝန်တွေကိုပါ ပူးတွဲယူထားတဲ့ ပျော်ဘွယ် ဦးမြက ဗမာ့တပ်မတော်က တပ်စိတ် တစ်စိတ်ကို ထုတ်နှုတ်ပြီး ဗိုလ်ချုပ် မသိအောင် အတွင်းဝန်များ ရုံးအဝင်လမ်းမှာ ကင်းပုန်းချထားလိုက်ပါတယ်။
မြန်မာပြည်ရဲ့ ကံဆိုး မိုးမှောင် ကျမှု့အစလို့ ပြောရမယ့် ကိစ္စကတော့ အဲဒီ တပ်စိတ်ထဲက ရဲဘော်တစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့ လာနေတဲ့ ဗိုလ်ချုပ်က တွေ့ပြီး ဦးမြကို ဒီတပ်စိတ်ကို ရုတ်သိမ်းဖို့ အမိန့်ပေးခဲ့တာကြောင့် လုပ်ကြံမှု မဖြစ်ပွားခင် ရက်ကမှ ဒီ လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ရုတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့“သူ့ကို လုပ်ကြံမယ့်သူ မရှိနိုင်ပါဘူး´´ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆောင်အယောင် ပကာသနတွေကို ရွံရှာစက်ဆုပ်ပြီး လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ရင်း စေတနာ ဖြူစင်ရိုးသားမှု့ကို မချင့်မရဲဖြစ်ကာ မြန်မာပြည်နဲ့ လူထုရဲ့ ကံကြမ္မာလို့ပဲ ပြောရမလား မသိတဲ့ အဖြစ်အပျက်ကို သိမြင်ခွင့် ရခဲ့တော့ အံကြိတ် “တောက်´´ခေါက်မိရင်း “ရန်သူ မရှိဘူး´´ဆိုတဲ့ ဗိုလ်ချုပ်ရေ ဘယ့်နှယ့်လဲကွဲ့ လို့သာ ဟစ်အော်လိုက်ချင်ပါတော့တယ်။

ဦးစော ဒီလို နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ရတဲ့ အကြောင်းအရင်းကတော့ လန်ဒန်ဆွေးနွေးပွဲ မသွားမှီ လ အနည်းငယ်အလိုက ကာကီရောင် ဝတ်ထားတဲ့ လူနှစ်ယောက်က ဦးစောကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့ရာမှာ အသက်မသေခဲ့သော်လည်း မျက်ခုံးကို ရှပ်မှန်ကာ ဒဏ်ရာ ရခဲ့တယ်။ ဒီ လုပ်ကြံမှု့ကို ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ အစီအမံနဲ့ ဦးမြလှိုင်(ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာဟောင်း)က ကားမောင်းကာ ကားပေါ်မှာ ပါလာတဲ့ ရန်ကုန်ဘဆွေက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဘဆွေကို ပေးကိုင်ပြီး ပစ်ခတ်စေခဲ့တဲ့ သေနတ်ဟာ တပ်ရင်းမှုးဗိုလ်နေဝင်း(အဲဒီအချိန်က ဗိုလ်နေဝင်းဟာ တပ်ရင်းမှုးသာ ရှိသေးတယ်)ကိုင်ဆောင်တဲ့ သေနတ်ဖြစ်တယ်။ ဒီကိစ္စဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်သူ့ရဲဘော် လက်ချက်ဖြစ်တယ်လို့ ယူဆကာ ဦးစောက ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေတာလို့ ပြောကြတယ် အမှန်တော့ ဒီ လုပ်ကြံမှု့ကြီးဟာ ဒီထက် ပိုမိုလေးနက်တဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။
ဦးစောဟာ ဗိုလ်ချုပ်တို့ကို ငြှိုးသူရန်ဘက် အနေနဲ့ လုပ်ကြံသတ်ဖြတ်တာ မဟုတ်| ဦးစော တချိန်က “ကောင်လေးတစ်ယောက်´´လို့ ယူဆခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံ့အမျိုးသားခေါင်းဆောင် ဖြစ်လာပြီး သူလို နိုင်ငံရေးသမား စားဖားအိုကြီးတွေအတွက် မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ နေရာမရှိ ဖြစ်နေရတဲ့ အဖြစ်ကို ကြိတိုင် ခဲမရ ဖြစ်နေရတယ်။ ဒါ့ကြောင့် ဦးစော အနေနဲ့ ဖဆပလ ခေါင်းဆောင်အားလုံးကို ဖယ်ရှားနိုင်မှသာ သူ့အနေနဲ့ အာဏာ ရနိုင်မှာ ဖြစ်တယ်လို့ ယူဆကာ ရန်ကုန်ရှိ ဖဆပလ ခေါင်းဆောင်အားလုံးကိုသာမက နယ်ရှိ ဖဆပလ ခေါင်းဆောင်တွေကိုပါ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်။
ဒါ့ကြောင့်လဲ အင်္ဂလိပ် အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေကို အိမ်အနီး အင်းလျားကန်ထဲမှာ ဝှက်ထားသလို လက်နက်တချို့တဝက်ကိုလဲ မျိုးချစ်ပါတီဝင်တွေစီကို ဖြန့်ဝေထားပြီး ဖြစ်တယ်။
ဒီလို ဦးစောက အကြံအစည် ကြီးကြီးမားမား ကြံစည်နိုင်မှု့ဟာ နယ်ချဲ့ဗြိတိသျှတွေရဲ့ မြှောက်ပင့်အားပေးမှု့ကြောင့်သာ ဖြစ်တယ်။ ဗြိတိသျှ ကွန်ဆာဗေးတစ် နိုင်ငံရေးသမားတွေ စစ်ဘက်နဲ့ အရပ်ဘက်က ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရန်သူတော်ဟောင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့အစည်း အာဏာရနေတာကို မနာလို မရှု့စိမ့်ကြပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး မယူမှီမှာ ဖဆပလ အစိုးရအဖွဲ့ကို ဖြုတ်ချပြီး မြန်မာနိုင်ငံကို ဒိုမီနီယံ အတွင်းမှာ ဆက်ရှိနေအောင် ဂဠုန်ဦးစောလို ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။
#credit

LEAVE A REPLY

Please enter your comment!
Please enter your name here