Home News ကျောက်ဂူထဲက ထိုင်းကလေးငယ်တွေ ပြန်လာနိုင်မယ့်နေ့

ကျောက်ဂူထဲက ထိုင်းကလေးငယ်တွေ ပြန်လာနိုင်မယ့်နေ့

738
0
လှိုဏ်ဂူထဲတွင် ခြောက်ရက်ကြာပျောက်ဆုံးနေသော ထိုင်းကလေးငယ်များကို ကူညီရှာဖွေပေးရန်ရောက်ရှိလာသော အမေရိကန်တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ−အီးပီအေ)

ဝတ်ဆီခွမ်ခမ် ဗုဒ္ဓဘုရား ကျောင်းတော်ထဲတွင် ဘုန်းတော်ကြီးများ ၏ မေတ္တာပို့ ဆုတောင်းသံက ညီညီညာညာ ထွက်ပေါ်နေ သည်။ ဘုန်းတော်ကြီးများ၏ ရွတ် ဖတ်ပွားများမှုကို တရားနာ ပရိသတ်က ငြိမ်သက်စွာ နာယူနေကြ သော်လည်း ၎င်းတို့ရင်ထဲတွင် မည်မျှထိ ဗလောင်ဆူ ပူလောင် နေကြောင်းကို မျက်နှာပေါ်တွင် ထင်ဟပ်နေသည့် သောကရိပ် များက ညွှန်ပြနေသည်။ ယင်း တရားနာပရိသတ်များသည် ထိုင်း နိုင်ငံ မယ်ဆိုင်ရှိ ကျောက်ဂူတစ် ခုထဲ ပိတ်မိနေသည်ဟု ယုံကြည်ရ သော ဆယ်ကျော်သက်လူငယ် ဘောလုံးအသင်း၏ မိဘဆွေမျိုး၊ မိသားစုဝင်များ ဖြစ်သည်။

ဇွန်လ ၂၃ ရက်ကတည်းက ပျောက်ခြင်းမလှ ပျောက်ကွယ်နေ သည့် ဆယ်ကျော်သက်လူငယ် ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြကို လိုက်လံရှာဖွေနေသည့်လုပ်ငန်း စဉ်သည် ထိုင်းနိုင်ငံတွင်သာမက ဘဲ တစ်ကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်နေသည့် သတင်းတစ်ခုဖြစ်လာသည်။ မယ်ဆိုင်ရှိကျောင်းပေါင်းစုံ လူငယ်များ စုစည်းထားသည့် တောဝက်ရိုင်း များ ဘောလုံးအသင်းသည် သဘာဝထုံးကျောက်ဂူတစ်ခုဖြစ် သည့် သမ်လောင်ဂူထဲသို့ လည် ပတ်ရင်း ပျောက်ဆုံးခဲ့သည်။

အဆိုပါဂူသည် ဖွဲ့စည်းပုံအရ မိုးရာသီတွင် ရေဝင်နစ်မြုပ် နိုင်သည့် နေရာတစ်ခုဖြစ်သည်။ လူငယ်များအနေဖြင့် မိုးမရွာမီဂူထဲသို့ ဝင်ရောက်သွားခဲ့ပြီး နောက် ရေတက်လာသည့်အခါ အချိန်မီ ပြန်မထွက်နိုင်ဘဲ ဂူထဲတွင် ပိတ်မိနေခြင်းဟု ကယ်ဆယ် ရေးများက ယုံကြည်နေသည်။ ရေ ပိုတက်လာလေ၊ ဂူအတွင်းပိုင်းသို့ ရွှေ့ပြောင်းလေဖြစ်ခဲ့သည့် နောက် ဂူဝသို့ ပြန်ထွက်ရန် လမ်းပျောက်ပြီး မျက်စိလည်နေခြင်းဟု လည်း ယူဆထားသည်။ လူငယ် များ ပျောက်ဆုံးပြီး ငါးရက်ကျော် ကြာမြင့်လာချိန်ထိ ၎င်းတို့ အ သက်ရှင်နေဦးမည်ဆိုသော မျှော် လင့်ချက်ကို ကယ်ဆယ်ရေးများ က မစွန့်လွှတ်သေးချေ။

အစောပိုင်းက ကယ်ဆယ်ရေးကဏ္ဍကို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများကသာ ဆောင်ရွက်ခဲ့သော်လည်း တစ် နိုင်ငံလုံး အာရုံစိုက်လာခြင်းနှင့်အ တူ ထိုင်းအစိုးရကပါ ပါဝင်လာခဲ့ သည်။ ထိုင်းပြည်ထဲရေးဝန်ကြီး အနူပွန်ပါအိုချင်ဒါ  ကိုယ်တိုင် ကယ်ဆယ်ရေး ကဏ္ဍကို အနီးကပ်ကြီးကြပ်ခဲ့ပြီး အသေးစိတ်အခြေအနေများလည်း အချိန်နှင့် တစ် ပြေးညီ ထုတ်ပြန်ပေးနေသည်။ ဇွန်လ ၂၅ ရက်တွင် ထိုင်းရေတပ်မှ ကွန်မန်ဒိုများနှင့် ရေငုပ်သမား များပါ ကယ်ဆယ်ရေးကဏ္ဍတွင် စုပေါင်း ပါဝင်လာသည်။ ညစ် ထည်းနောက်ကျိနေပြီး ၁၅ ပေမျှနက်သည့် ရေထဲထိ ရေငုပ်သမား များက ငုပ်လျှိုးပြီး လူငယ်များ ဂူထဲ ဝင်ရောက်ရာ လမ်းကြောင်းကို ခြေရာကောက်နိုင်ရန် အားထုတ် ခဲ့ကြသည်။

ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထင်သ လောက် ရိုးရှင်းမှု မရှိလှချေ။သဘာဝ တရား၏ အလှည့်အ ပြောင်း အမျိုးမျိုးကြောင့် အခက် အခဲများစွာ ကြုံခဲ့ရသည်။ ဂူထဲရှိရေဝင်ဧရိယာများကို ရေစုပ်ထုတ်နေချိန်တွင် မိုးသည်းသည်းထန် ထန် ရွာသွန်းမှုကြောင့် ရေပြန်ပြည့်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်း များ မကြာခဏဆိုင်းငံ့ခဲ့ရသည်။ ဂူအတွင်းပိုင်းတွင် အလွန်ရှုပ်ထွေး စွာ ယှက်ဖြာသွားသည့် ဥမင် များကလည်း မျက်စိလည်စရာ ဖြစ်နေပြန်သည်။

ဇွန်လ ၂၈ ရက်တွင် အမေရိ ကန်နှင့် ဗြိတိန်မှ ကယ်ဆယ်ရေး အင်အားစုများက ထိုင်းစစ်တပ်ကို လာရောက်ပူးပေါင်း ကူညီခဲ့ သည်။ အမေရိကန်၏ ပစိဖိတ် စစ်ဦးစီးဌာနက ပစ္စည်းကိရိယာ စုံလင်စွာ တပ်ဆင်ထားသည့် စစ် မှုထမ်းနှင့် ကျွမ်းကျင်သူ ၃၀ ခန့်ကို မယ်ဆိုင်သို့ စေလွှတ်ပေးခဲ့သည်။ ဗြိတိန်ကလည်း ရေဝင်ဂူများ၏ သဘောသဘာဝကို နားလည်ကျွမ်းကျင်သည့် ပရော်ဖက်ရှင် နယ် ရေငုပ်သမားသုံးဦးကို ထိုင်း သို့ သွားရောက်စေခဲ့သည်။

လူငယ်များကို ရှာဖွေကယ် ဆယ်ရန် ဖြစ်နိုင်ခြေနည်းလမ်း မှန်သမျှ စဉ်းစားထား ကြောင်း ဝန်ကြီးအိုချင်ဒါက ဆိုသည်။

‘‘ကျွန်တော်တို့ ဂူမျက်နှာကြက်တွေကို လွန်နဲ့ဖောက်ထုတ် ပြီး အတွင်းထဲကို လိုက်ရှာဖို့လည်း လုပ်နေပါတယ်။ ဒီလုပ်ငန်းစဉ် တွေကို မနက်ဖြန် (ဇွန်လ၂၉ ရက်)မှာ သေသေချာချာ အစပျိုးနိုင်မှာပါ’’ဟု ဝန်ကြီးက ပြောကြားသည်။ တစ်ဖက်တွင် အိမ်နီးချင်းမြန်မာ နိုင်ငံဘက်မှ ကျောက်ဂူများနှင့် ဆက်စပ်နိုင်သည့် ဥမင်လမ်း ကြောင်းများမှ ဝင်ရောက်ရှာဖွေ ရန်လည်း စဉ်းစားနေသည်။

သမ်လောင်ဂူသည် ထိုင်းနိုင်ငံတွင် စတုတ္ထအရှည်လျား ဆုံး သဘာဝကျောက်ဂူတစ်ခုဖြစ် သည်။ အတွင်းသို့ ၁၀ ကီလိုမီ တာမျှထိ လမ်းလျှောက် ဝင် ရောက်နိုင်ပြီး ဥမင်ပေါင်းများစွာ ခွဲဖြာသွားသည်။ ရေဝင်ပြီး အန္တ ရာယ်ရှိနိုင်သော အခြေအနေများ ကြောင့် ဂူဝမှ မီတာ ၇၀၀ ထိ သာ လူဝင်ခွင့်ပြုကြောင်း သတိပေးချက်များလည်း ထုတ်ပြန်ထား သည်။ သို့သော် အသက် (၁၁)နှစ်မှ (၁၆)နှစ်ကြား လူငယ်ဘောလုံး သမား ၁၂ ဦးနှင့် ၎င်းတို့၏ အသက် (၂၅)နှစ်အရွယ် နည်းပြတို့သည် အတန်ငယ် ခရီးလွန်ခဲ့ပြီး ရေတက်မလာမီ ဂူဝသို့ အချိန်မီ ပြန်မရောက်ခဲ့ကြဟု ယုံကြည်ရ သည်။

တောဝက်ရိုင်းများ ဘောလုံး အသင်းသည် ယခင်ကတည်းကတောတွင်း စွန့်စားသွားလာမှုများ ကို စုပေါင်းလုပ်ဆောင်လေ့ရှိခဲ့ ကြောင်း သတင်းများကဆိုသည်။ ယခုခရီးစဉ်သည်လည်း တပည့်များက အိခ်ဟု ချစ်စနိုး ခေါ်ဝေါ်သည့် နည်းပြ အီကာပိုလ်ချန်သာ ဝမ်အတွက် ပုံမှန်သွားလာနေကျ သဘောမျိုးသာ ရှိခဲ့ဟန်တူသည်။ အိခ်က ဆိုင်ကယ်စီးကာ ဘောလုံး သမားများက စက်ဘီးနင်းပြီး ယင်းကျောက်ဂူရှေ့ အတူဆိုက် ရောက်ခဲ့ကြသည်။ ၎င်းတို့၏ ပိုင်ရှင်မဲ့နေသော ဆိုင်ကယ်နှင့် စက် ဘီးများကို ဂူဝနှင့် မနီးမဝေးတွင် အထီးကျန်စွာ တွေ့နေရဆဲဖြစ် သည်။

‘‘အိခ်က သူ့အသင်းကို သိပ် ချစ်တဲ့ နည်းပြပါ။ ကျွန်တော် နား လည်ထားသလောက်ကတော့ သူနဲ့ သူ့တပည့်တွေကြား ဆက်ဆံရေးက အရမ်းရင်းနှီးနွေးထွေးပါ တယ်’’ဟု နော့ပါဒွန်ကန်သာဝမ် က ဆိုသည်။ ၎င်းသည် တောဝက် ရိုင်းများ ဘောလုံးအသင်းမှ အ သက် (၁၃)နှစ်အရွယ် ကစား သမားတစ်ဦး၏ ဖခင်ဖြစ်သည်။ နော့ပါဒွန်၏ သားမှာမူ ဇွန်လ ၂၃ ရက်က မိဘများ အချိန်စော၍ လာခေါ်သောကြောင့် လေ့ကျင့်ရေး အစီအစဉ်အပြီး ကျောက်ဂူ ဘက်သို့ အလည်အပတ်ခရီးကို မလိုက်ပါနိုင်ခဲ့ချေ။

နော့ပါဒွန်တို့ သားအဖသည် လည်း ပျောက်ဆုံးနေသည့် ကလေးများ၏ မိသားစုဝင်များနှင့် အတူ ဂူရှေ့သို့ လာရောက်ပြီးစိတ်စောစွာ သတင်းစောင့်မျှော် လျက်ရှိသည်။ သို့သော် အသင်း ဖော်များနှင့်ပတ်သက်၍ မည် သည့် သဲလွန်စမျှ မရသေးချေ။

အခင်းဖြစ်ရာ ဂူဝတွင်မူ စူးရှ လင်းထိန်သည့် မီးမောင်းကြီးများ နေရာအနှံ့ ထွန်းညှိထားသည်။ ရေ ငုပ်သမားများက အလှည့်ကျ အဆိုင်းခွဲကာ ကျောက်ဂူထဲရှိ ရေ ဝင်ချိုင့်များထဲ ငုပ်လျှိုးရင်း လမ်းကြောင်း ရှာနေကြသည်။ စစ်တပ် က လေ့ကျင့်ပေးထားသည့် အနံ့ခံ ခွေးများကို အသုံးပြု၍လည်း ဂူ အတွင်းပိုင်းတွင် လူငယ်များကို ဝင်ရောက်ရှာဖွေနိုင်ရန် ကြိုးစား နေကြသည်။

ကျွမ်းကျင်သူများက သမ် လောင်ဂူ၏ ဖွဲ့စည်းပုံမှာ ရှုပ်ထွေးပြီး အတွင်းပိုင်းတွင် ကျယ်ဝန်း သည့် နေရာအများအပြားရှိသလို ကျဉ်းမြောင်း   ရှည်လျားသည့် လမ်းမြှောင်များနှင့် ဆက်သွယ်နေ ကြောင်း ဆိုသည်။ မြန်မာနှင့် နယ်စပ်အနီး တောင်စောင်းတစ် နေရာကို မျက်နှာမူထားသည့် ဂူသည် ယခင်ကတည်းက မိုးတွင်းကာလတွင် ရေလျှံမှုများ ပေါ် ပေါက်လေ့ ရှိသည်။ ဂူထဲတွင် ကမ္ဘာလှည့် ခရီးသွားအချို့ ပိတ်မိနေခဲ့ဖူးပြီး ရေကျချိန်ထိ စောင့်၍ကယ်ထုတ်ရသည့် သာဓကများ ရှိခဲ့ဖူးသည်။

နေ့ရက် ရှည်ကြာလာသည် နှင့်အမျှ လူငယ်များ ဘေးမသီရန်မခပြန်တွေ့ရန် မျှော်လင့်ချက် များက ပွန်းပဲ့တိုက်စားစပြုလာ သည်။ သို့သော် ထိုင်းအစိုးရ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် မိသားစုများကမူ မျှော်လင့်ချက် ကို လုံးဝမလျှော့စတမ်း ဆုပ်ကိုင် ထားဆဲဖြစ်သည်။ ဂူဝတွင် ကလေးများ၏ အမည်ကို တကြော်ကြော် အော်ခေါ်ရင်း သောကပွေ နေသည့် မိခင်၊ ဖခင်များ၊ ဆွေမျိုးများကို တွေ့ရသည့် မြင်ကွင်းမှာကြေကွဲစရာ ကောင်းလွန်းနေ သည်။

နော့ပါဒွန်က ဇွန်လ ၂၆ ရက်ကစ၍ သားဖြစ်သူကို ဂူဝသို့ နေ့တိုင်း လိုက်ပို့ပေးခဲ့သည်။ သူငယ်ချင်းများအတွက် စိုးရိမ်စရာ သတင်းကို ကြားသိချိန်ကတည်း က ၎င်း၏သားသည် ကျောင်းစာ ကိုလည်း အာရုံမစိုက်နိုင်တော့ဟု နော့ပါဒွန်က ရှင်းပြသည်။

ထိုနေ့က အသင်းဖော်များ နှင့်အတူ လိုက်မသွားဖြစ်ခဲ့သည့် ဆွန်ပိုလ်က ဂူအတွင်းပိုင်းသို့ လှမ်းကြည့်ရင်း ‘‘ကျွန်တော်တို့က သိပ် ချစ်တဲ့ သူငယ်ချင်းတွေပါ’’ဟု ဆို သည်။ ‘‘ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့် သူငယ်ချင်းတွေနဲ့ အမြန် ဆုံး ပြန်တွေ့ချင်ပါပြီ’’ဟု ၎င်းကမျက်ရည်များဖြင့် တီးတိုး ရေရွတ် လျက်ရှိသည်။ ကျောက်ဂူထဲမှ လူ ငယ်များ မည်သည့်နေ့တွင် ပြန်လာနိုင်မည်ဆိုခြင်းကိုမူ မျှော်လင့်ချက်တစ်ဝက်၊ စိတ်မောခြင်းတစ် ဝက်ဖြင့် စောင့်မျှော်နေရဦးမည် ဖြစ်သည်။

—Ref: Bangkok Post, ABC, Straits Times

Credit ဇွဲရဲဝင့် သည် ဘာသာပြန်ကောင်းသောတစ်ယောက်ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here