Home ကျန်းမာရေး သားလေးက တကယ့်ရတနာလေးပေါ့

သားလေးက တကယ့်ရတနာလေးပေါ့

391
0

”သားလေးက တကယ့်ရတနာပေါ့၊ လိုချင်လွန်းလို့ ရူးမတတ်ဘဲ၊ တမိသားစုလုံးက လိုချင်နေတာ၊ ကလေးရဖို့ နိုင်ငံခြားထိတောင်သွားဖို့ လုပ်သေးတယ်” လို့ မွေးကင်းစသားကလေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ မျက်နှာလေးနဲ့ မဇင်မာလင်းက ပြောပါတယ်။

မဇင်မာလင်းတယောက်ကတော့ သားကလေးတယောက်ကို သာမန်မိခင်တွေလို လွယ်လွယ်ကူကူရခဲ့တာ မဟုတ်ပါဘူး။ သာမန် မိခင်တွေထက် ပိုမိုဂရုစိုက်ခဲ့ရသလို သားလေးရဖို့မသေချာတဲ့ အခြေအနေကနေ ရရှိလာတဲ့အတွက် တန်ဖိုးဖြတ်လို့မရတဲ့ ရတနာလေး တခုလို အမြတ်တနိုးနဲ့ တန်ဖိုးထားမွေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)က ဆရာ၊ ဆရာမတွေကလည်း ဖန်ပြွန်သန္ဓေသားက အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ ကလေးလေးနဲ့ မိခင်ကို အစားအသောက်အနေအထိုင်ကစလို့ အတော်လေးဂရုစိုက်ပြီး ယုယကြင်နာတာ တွေ့ရပါတယ်။ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနအောက် ဗဟိုအမျိုးသမီးဆေးရုံကြီးရဲ့ ဖန်ပြွန်သန္ဓေသားနဲ့ ပထမဆုံးအောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်ဆိုတာကလည်း အောင်မြင်မှု သမိုင်းမှတ်တိုင်တခုဖြစ်ပါတယ်။

၂၀၁၈ ဇွန်လ ၁၂ ရက် (အင်္ဂါနေ့)နံနက်ပိုင်းက ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)ရဲ့ သမိုင်းမှတ်တိုင်တခု စိုက်ထူနိုင်ခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။

သားသမီးမရနိုင်လို့ သားသမီးအလွန်လိုချင်လွန်းတဲ့ မကွေးမြို့က ကိုဘိုထွန်းနဲ့ မဇင်မာလင်းတို့ ဇနီးမောင်နှံမှာ ဗဟိုအမျိုး သမီးဆေး ရုံကြီး (ရန်ကုန်) က Fertility Centre မှာ ပထမဦးဆုံးသားဦးရတနာလေးကို မွေးဖွား သန့်စင်ခဲ့ပါတယ်။ ဒါဟာ ကိုဘိုထွန်းနဲ့ မဇင်မာလင်း တို့အတွက် ပထမဦးဆုံးသားဦးရတနာ လေးဖြစ်သလို ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) Fertility Centre ရဲ့ ပထမဦးဆုံးအောင်မြင် စွာ မွေးဖွားပေးလိုက်တဲ့ ဖန်ပြွန်သန္ဓေသားလေးတဦး ဖြစ်ပါတယ်။ နံပါတ်တစ်မွေးဖွားလာတဲ့ ဖန်ပြွန်သန္ဓေ သားဦးလေးပါပဲ။

Fertility Centre တွေ အခုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) အပြင် တခြားဗဟိုဆေးရုံကြီးတွေမှာလည်း Centre လုပ်မယ်ဆိုရင် အနယ်နယ်အရပ်ရပ်က သားသမီးမရလို့ လိုချင်တဲ့မိဘတွေ၊ ရန်ကုန်ကို မလာနိုင်သူတွေ အတွက်လည်း လက်လှမ်းမီသွားမှာ ဖြစ်ပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါ်ခင်ပြုံးကြည်က ပြောပါတယ်။

ယခု မြန်မာပြည် ရန်ကုန်မှာ ကျပ်သိန်း ၅၀ နှင့် ၆၀ ကြားဖြစ်ပေမဲ့ ပြည်ပသွားပြီး ကလေးရအောင်ယခုလို မွေးဖွားဖို့ဆိုရင် သိန်း ၃၀၀ လောက်ကုန်မည်ဟု သိရပါတယ်။

ကိုဘိုထွန်းနှင့် မဇင်မာလင်းတို့ဟာ ကလေးလိုချင်းလွန်းလို့ ရန်ကုန်သို့လာပြီး ဗဟိုအမျိုးသမီးဆေးရုံ Fertility Centre သို့ ဆက်သွယ် ကာ ဖန်ပြွန်သန္ဓေသားကို ရယူခဲ့ပါတယ်။ သူတို့ဟာ ကလေးမမွေးဖွားခင်ကပင် ရန်ကုန်မှာ တနှစ်ကြိုပြီးအိမ်ငှားနေလိုက်ကြတယ်လို့ သိရပါတယ်။ မဇင်မာလင်းဟာ အသက် ၃၈ နှစ်ရှိပြီဆို တော့ (IVI) အမျိုးသမီးရဲ့သားအိမ်တွင်းကို အမျိုးသားရဲ့မျိုးရည်သန့်စင်ပြီး ထည့်သွင်းခြင်းပြုလုပ်ပြီး ကိုယ်ဝန်လွယ်ရပါတယ်။

အဲဒီခါမိခင်ဟာ သာမန်ကိုယ်ဝန်ဆောင်တွေလိုပဲ အန်ချင်အော့ချင်တာတွေ၊ အစားအသောက်ပျက်တာတွေ စသဖြင့်တော့ အမျိုး သမီးတွေရဲ့ ခံစားရမှုအတိုင်း ခံစားရတယ်လို့ သိရပါတယ်။ သာမန်မိခင်လောင်းတွေလိုပဲ ကိုယ်ဝန်ဆောင်စဉ် ကြမ်းကြမ်း တမ်းတမ်း မလှုပ်ရှားရတာတွေ၊ အစားအသောက်ရှောင်ရတာတွေ လုပ်ရပါ တယ်။ တခြား ကြီးကြီးမားမား လုပ်ဆောင်ရတာတော့ မရှိဘူးလို့ မဇင်မာလင်းရဲ့ ခင်ပွန်းကိုဘိုထွန်းက ပြောပြပါတယ်။

”နိုင်ငံခြားထိသွားဖို့ လုပ်ခဲ့တယ်၊ ဒါပေမဲ့ ကလေးရဖို့၊ မရဖို့က ဘယ်သူမှ ရာနှုန်းပြည့် အာမ မခံနိုင်ကြဘူးလေ၊ ဒါနဲ့ ဒီမှာ အရင်စမ်း သပ်လုပ်ကြည့်တာ အသက်ကလည်းကြီးပြီလေ (၃၈ နှစ်) ကလေးဗိုက်ထဲ ရောက်တဲ့ အချိန်မှာ အတော်လေးဂရုစိုက်ရတယ်၊ ရဖို့လည်း မသေချာတော့ စွန့်စားရတာပေါ့” လို့ ၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်နေ့မှာ ခုနစ်ပေါင်နဲ့ ငါးအောင်စ သားယောကျာ်းလေးကို အောင်မြင်စွာမွေး ဖွားခဲ့တဲ့ ဖန်ပြွန်သန္ဓေသားမိခင် မဇင်မာလင်းက ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) အခပေးဆောင်အခန်း(၆)ရှိ သားလေးဘေးမှာ လှဲနေရင်း ဖြည်းဖြည်းချင်း ပြောပြပါတယ်။

မဇင်မာလင်းနဲ့ သူ့အမျိုးသား ကိုဘိုထွန်း (ဖန်ပြွန်သန္ဓေသား၏ ဖခင်) တို့ ကလေးရနိုင်၊ မရနိုင် စမ်းသပ်မှုတွေ ကို လွန်ခဲ့တဲ့ တနှစ်ဝန်း ကျင်လောက်ကတည်းက လုပ်ခဲ့ကြတာပါ။ ဆေးလောက နည်းပညာအရ စမ်းသပ်မှုတွေ မှာ ကလေးရနိုင်တဲ့အတွက် သူတို့ဇနီးမောင် နှံဟာ ဖန်ပြွန်သန္ဓေသားနဲ့ ကလေးယူကြမယ်လို့ ဆုံးဖြတ်ပြီး မကွေးမြို့ကနေ ရန်ကုန်မှာ တိုက်ခန်းငှားပြီး နေထိုင်ခဲ့ကြပါတယ်။ မကွေးမြို့ မှာနေစဉ်ကလည်း ကလေးရရှိဖို့ အတွက် ဆွေးနွေးတိုင်ပင်မှုတွေလုပ်ပြီး ထိုင်းနိုင်ငံထိ သွားရောက်ပြီး ကလေးယူဖို့ထိ ရည်ရွယ်ခဲ့ကြသူတွေပါ။

သားသမီးရဖို့ခက်ခဲနေတဲ့ ဇနီးမောင်မယ်တွေကို ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) Fertility Centre ရဲ့ ပြင်ပလူနာဌာနမှာလည်း အခမဲ့စမ်းသပ်ဆွေးနွေးနိုင်ကြပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် မေလအတွင်း Fertility Centre က သားသမီးရဖို့ ခက်ခဲတဲ့ မောင်မယ်အတွဲ ၃၀၀၀ ကျော်ကို ကုသပေးခဲ့ပါတယ်။ IUI (အမျိုးသမီးရဲ့သားအိမ်အတွင်း အမျိုးသားရဲ့မျိုးရည်သန့်စင်ပြီးထည့်သွင်းခြင်း) လူနာ ၈၈၆ ဦးမှာ သန္ဓေအောင်သူ ၃၆ ဦးထိရှိခဲ့ပါပြီ။ သဘာဝနည်းနဲ့ရသွားတဲ့ မောင်မယ်တွေလည်း ရှိနေပါတယ်။ IVF (ဖန်ပြွန် သန္ဓေသားထည့်ခြင်း) နည်းနဲ့ မောင်မယ် ၁၆ တွဲကို ကုသပေးရာ မဇင်မာလင်းတယောက်သာ ကိုယ်ဝန်ရရှိခဲ့ပြီးတော့ သားယောကျာ်းလေးမွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။

ဖန်ပြွန်သန္ဓေသားကို ခွဲစိတ်မွေးဖွားနိုင်ခဲ့လို့ ကျွန်မတို့ဆေးရုံအနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ မှတ်တိုင်တခုပါ။ လမ်းညွှန်ပံ့ပိုးပေးတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကြီးရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ အခုဖန်ပြွန်သန္ဓေသားနဲ့ မွေးဖွားတာက အခြေခံကျန်းမာရေးစောင့်ရှောက်မှု မဟုတ်ဘူး၊ အထူး ကုသမှုထဲမှာ ပါတာ။ ပထမအဆင့်ဆေးရုံကြီးအနေနဲ့ ကုသရတဲ့အခါမှာ သုံးစွဲရတဲ့ ဆေးဝါးပစ္စည်းတွေ၊ ထိုးဆေးတွေရှိမယ်၊ ဒီဟာအတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ သားသမီးလိုချင်ကြတဲ့ မောင်မယ်တွေက စိုက်ထုတ်သုံးစွဲရတာ”လို့ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါ်ခင်ပြုံးကြည်က ရှင်းပြပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)မှာ Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ဖွင့်လှစ် ခဲ့ပြီးတော့ သားသမီး လိုချင်ပြီးရဖို့ ခက်ခဲနေသည်ဟုယူဆသည့် မောင်မယ်စုံတွဲတွေကို စမ်းသပ်စစ်ဆေးမေးမြန်း ခြင်း၊ အကြောင်းအရာပေါ် မူတည်ပြီးတော့ ကုသပေးခြင်းတွေပြုလုပ်နေပါတယ်။ လာရောက်ကုသခံယူတဲ့ လူတွေထဲမှာ သဘာဝနည်းနဲ့ ရသွားကြတဲ့ လူတွေရှိသလို IUI (အမျိုးသမီးရဲ့ သားအိမ်အတွင်း အမျိုးသားရဲ့ မျိုးရည်သန့်စင်ပြီး ထည့်သွင်းခြင်း) နည်းစနစ်၊ IVF (ဖန်ပြွန်သန္ဓေသားထည့်ခြင်း) နည်းတွေနဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။

မကွေးမြို့မှာနေထိုင်ပြီး မဇင်မာလင်းနဲ့ ကိုဘိုထွန်းတို့ ၂၀၁၅ ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး ကလေးရဖို့ အဆင်မပြေတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်ထိသွားပြီး ဖန်ပြွန်သန္ဓေသားနဲ့ ရယူဖို့လုပ်ခဲ့ကြတာပါ။ ကလေးရဖို့အတွက် လိုက်လံစုံစမ်းရင်း ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးကို ရောက်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသွားပြီး ဖန်ပြွန်သန္ဓေသားနဲ့ ကလေးယူမယ်ဆိုရင် သိန်း ၃၀၀ ၀န်းကျင်လောက် ကုန်ကျမှာ ဖြစ်ပြီးတော့ ရန်ကုန်မှာဆိုရင်တော့ သိန်း ၆၀ ၀န်းကျင်လောက်သာကုန်မှာဖြစ်တယ်လို့ လာရောက်ဆွေးနွေးတဲ့အချိန်မှာ သိခဲ့ရပြီးတော့ ရန်ကုန်မှာပဲ ဖန်ပြွန်သန္ဓေသားနဲ့ ကလေးယူမယ်လို့ ဆုံးဖြတ် လိုက်ကြတာပါ။

”ကျွန်တော်တို့ ပိုက်ဆံသုံးနိုင်တယ်လို့ မဟုတ်ပါဘူး။ သားသမီးရတနာလေးလိုချင်တော့ ကုန်ကုန်ဆိုပြီး စွန့်ရတာပါ။ သူ့ကံလေးတွေနဲ့သူပေါ့။ နောင်တချိန်ဆိုရင်တော့ ပြောလို့တော့ မရဘူးပေါ့နော်။ ဒါပေမဲ့ သားလေးအတွက် အများကြီးတော့မျှော်လင့်တာပေါ့နော်”လို့ ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့ ဖန်ပြွန် သန္ဓေသားဖခင် ကိုဘိုထွန်းက ဆိုပါတယ်။

ကိုဘိုထွန်းတို့ဇနီးမောင်နှံဟာ သားသမီးရဖို့အတွက် အလွန်ကိုအရေးတကြီး ဖြစ်နေကြတာပါ။ အဲဒါကြောင့် လည်း ငြိမ်းမာန်ပွဲရုံနှင့် ဆန်ဆိုင်ကိုပစ်ထားခဲ့ပြီးတော့ ရန်ကုန်မှာနေပြီး ကလေးယူကြတာပါ။ မကွေးမြို့ သုခိတာလမ်းရန်အောင်ရပ်မှာ သူတို့ဆန်ဆိုင်ရှိတာရှိပါတယ်။ မဇင်မာလင်း မောင်နှမတွေက အိမ်ထောင်တွေ ကျပြီး မိသားစုမှာ သားသမီးရတနာတွေနဲ့ ပြည့်စုံနေကြတဲ့သူတွေပါ။ ဆွေမျိုးသားချင်းတွေ အကုန်လုံးက မဇင်မာလင်းတို့ ဇနီးမောင်နှံကို သားသမီးရတနာထွန်းကားပြီးတော့ ပျော်ရွှင်တဲ့မိသားစု ဘ၀လေးရဖို့ အားလုံးက လိုလားနေကြတာဖြစ်ပါတယ်။

မဇင်မာလင်းတယောက် ဖန်ပြွန်သန္ဓေသားကိုထည့်သွင်းပြီး ကိုယ်ဝန်ဆောင်စဉ်ကတည်းက ရန်ကုန်မှာ တိုက်ခန်းငှားထားပြီး အလှည့်ကျနဲ့ ဆွေမျိုးတွေကလာပြီး စောင့်ရှောက်ပေးနေကြတာပါ။ သားကလေး မွေးပြီဆိုတော့လည်း မိသားစုနဲ့ ဆွေမျိုးတွေက မကွေးက လိုက်လာကြလို့ တိုက်ခန်းထဲမှာ လူတွေပြည့်တောင် နေတယ်လို့လည်း အားရ၀မ်းသာစွာနဲ့ မဇင်မာလင်း မိခင်ဒေါ်မြဝေက ပြောပါတယ်။

”မိသားစုဆိုတာ သားသမီးရတနာလေးရှိတော့ ပြည့်စုံသွားတာပေါ့။ သားသမီးတွေအကုန်လုံး သူ တယောက်ပဲ ကလေးမရသေးတာ ကျန်တာအကုန်လုံးကလေးတွေရနေပြီ။ အားလုံးကလည်း သူတို့ဇနီးမောင်နှံကို ကလေးရစေချင်တာ၊ သူတို့ကလည်း ကလေးလိုချင်တာ ရူးနေတာပဲ”လို့ ဒေါ်မြဝေက သမီးနဲ့ မြေးလေးမျက်နှာလှမ်းကြည့်ပြီး တိုးတိုးလေးပြောပြပါတယ်။

ဖန်ပြွန်သန္ဓေသားနဲ့ ကလေးယူဖို့အတွက် လူပေါင်းများစွာ လာရောက်စစ်ဆေးကုသခဲ့ကြပါတယ်၊ နောက်ဆုံးအဆင့်မှာအားလုံးဇနီးမောင်နှံစုံတွဲ (၁၆) တွဲမှာ မဇင်မာလင်းတဦးသာ အောင်မြင်ခဲ့ကြတာပါ။ ဖန်ပြွန်သန္ဓေသားယူခဲ့ရာမှာလည်း အခက်အခဲတွေ သိပ်မရှိခဲ့ပါဘူး။ ဆေးရုံကို ၁၅ ရက်လောက် နေ့စဉ် လာပြီး တော့ စစ်ဆေးမှုတွေ လုပ်ခဲ့ကြရတာပါ။

”ကျွန်တော်တို့မှာ အများကြီးအခက်အခဲမရှိပါဘူး။ ၁၅ ရက်လောက်တော့ နေ့စဉ်လာရတယ်။ ဒီကဆေးတွေ ဘာတွေနဲ့ နေ့စဉ်စောင့်ကြည့်ပြီးတော့ စိတ်ချရတဲ့အခြေအနေရောက်ကာမှ အမျိုးသမီးရဲ့ မျိုးဥကိုထုတ်ထုတ်ပြီး တော့မှ အမျိုးသားရဲ့ Sperm နဲ့ ပေါင်းစပ်ပြီးတော့ သန္ဓေသားလောင်းလေး စပ်လိုက်တာ ဘာမှခဲခဲယဉ်းယဉ်းကြီး ရယ်လို့ မရှိဘူးပေါ့နော်” လို့ ကြုံတွေခဲ့ရတဲ့ အခြေအနေတွေကို ကိုဘိုထွန်းက ပြောပြပါတယ်။“ ”ဒီကလေးမရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ဘ၀မှာအဓိပ္ပာယ်မရှိသလိုဘဲ”

ဖန်ပြွန်သန္ဓေသားနဲ့ မွေးဖွားပေးတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)က ဆရာ၊ ဆရာမတွေအနေနဲ့ကော နိုင်ငံတော်အနေနဲ့ကော ဂုဏ်ယူနေကြပါတယ်။ မိသားစုတွေအနေနဲ့ကတော့ ပျော်လို့မဆုံးပေါ့။ ဖန်ပြွန်သန္ဓေ သားမိခင် မဇင်မာလင်းကတော့ ”ကျွန်မက သိပ်မပြောတတ်ဘူးရင်ထဲမှာတော့ အရမ်းပျော်နေတာ” ဖန်ပြွန်သန္ဓေသားဖခင်ကိုဘိုထွန်းကတော့ ”ကျွန်တော်တို့လိုမျိုး သားသမီး လိုချင်တဲ့ မိဘတွေအနေနဲ့ဆိုလို့ရှိရင် စမ်းတ၀ါးဝါးနဲ့ လုပ်နေတာနဲ့စာလို့ရှိရင်ပေါ့နော် အပြင်မှာလုပ်လို့ရှိရင်လည်း အများကြီး ကုန်မှာပေါ့နော်။ ဒီရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံက Fertility Centre မှာ လာရောက်ပြီးတော့ ဆွေးနွေးပြီးတော့မှ ညွှန်ကြားချက်အတိုင်း လုပ်စေချင်တယ်ပေါ့”လို့ ပြောပြသွားပါတယ်။

”သားလေးကို လောလောဆယ်တော့ နာမည်မပေးရသေးပါဘူး။ သူက အင်္ဂါသားလေးပါ။ သူကြီးလာရင် ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေတော့ မထားပါဘူး။ ကြီးလာရင် သူ့သဘာဝနဲ့သူ၊ သူ့ဝါသနာနဲ့ သူပါပဲ။ သူဘာကို ၀ါသနာပါသလဲ သူဝါသနာ ပါရာကို ကျွန်တော်တို့လိုက်ပြီး ပြုစုပျိုးထောင် ပေးရမှာပါပဲ။ ကျွန်တော်တို့ ပံ့ပိုးပေးရမှာပဲ”လို့ အင်္ဂါသားလေးရဲ့ ဖခင်ကိုဘိုထွန်းက ပြောပါတယ်။

တကယ့်ကို ထူးထူးခြားခြားမွေးဖွားလာတဲ့ ဖန်ပြွန်သန္ဓေသား၊ မြန်မာပြည်ဗဟိုအမျိုးသမီးဆေးရုံကြီး Fertility Centre ရဲ့ ပထမဆုံးသော ဖန်ပြွန်သန္ဓေသား ကိုဘိုထွန်းနဲ့ မဇင်မာလင်းတို့ရဲ့ သားဦးလေးထူးခြားတဲ့ အင်္ဂါသားလေးကို ဘယ်ဗေဒင်ဆရာနဲ့ ဘယ်လိုနာမည်မျိုးများ မှည့်ခေါ်ကြမလဲ စိတ်ဝင်စားစရာပဲ။အင်္ဂါသားလေး ကျန်းမာချမ်းသာ အသက်ရာကျော်ရှည်ပြီး တိုင်းပြည်ကောင်းကျိုးဆောင်ရွက်နိုင်တဲ့ ပညာတတ်ကြီး ဖြစ်လာပါစေဗျား။

 

ဝင်းဇော်နိုင် သည် သတင်းစာဆရာတစ်ဦးဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here